မော်လမြိုင် ၊ မတ် (၂၂)

အစားအသောက် ပို့ဆောင်ရေး ဝန်ဆောင်မှုပေးနေတဲ့ မော်လမြိုင်က Food Panda ဝန်ထမ်းတွေဟာ လုပ်အားခ လျှော့ချခံရတာကြောင့် မတ်လ ၁၉ ရက်နေ့ကစပြီး အလုပ်မဆင်းဘဲ သပိတ်မှောက်ထားကြတယ်လို့ ဝန်ထမ်းတွေက ပြောပါတယ်။

စစ်တပ် အာဏာသိမ်းတဲ့ တစ်နှစ်ကျော်ကာလအတွင်းမှာ စက်သုံးဆီဈေးနှုန်းနဲ့ အင်တာနက်ဒေတာဈေးနှုန်း အဆမတန် မြင့်တက်လာတဲ့ အခြေအနေမှာ Food Panda ကုမ္ပဏီက ဝန်ထမ်းတွေကို အသိမပေးဘဲ ကီလိုကြေး လုပ်အားခတွေ လျှော့ချလာတဲ့အတွက်ကြောင့် အလုပ်မဆင်းဘဲ သပိတ်မှောက်နေကြတာ ဖြစ်ပါတယ်။

Food Panda ဝန်ထမ်းတွေဟာ အရင်က ကီလိုကြေး လုပ်အားခအဖြစ် ခရီးအတို အရှည်အပေါ် မူတည်ပြီး ကျပ် ၆၀၀ ကနေ ၁၀၀၀ လောက်ထိ ရကြတာ ဖြစ်ပြီး အခုအခါမှာတော့ ကုမ္ပဏီဘက်က ကျပ် ၃၀၀ နဲ့ ၄၀၀ လောက်သာ ပေးတော့တဲ့အတွက်ကြောင့် အခက်အခဲ မျိုးစုံရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး Food Panda ဝန်ထမ်းတွေက အခုလိုပဲ ပြောပါတယ်။



“ ကျွန်တော်တို့ရဲ့ တန်ရာတန်ကြေး မရတဲ့အတွက်ကြောင့်မို့ ကျွန်တော်တို့မှာ မိသားစုအရေး ပြသနာတွေ ရှိတယ်ဗျာ၊ အခုဆိုရင် အိမ်ထောင်ရှိတဲ့ သူဆိုရင် ကလေးနို့မှုန့်ဖိုး မတတ်နိုင်တဲ့ သူတွေရှိတယ်ဗျာ၊ အခုဆိုရင် ကျွန်တော်တို့ အလုပ်ဆင်းတယ်ဗျာ တစ်နေ့ကို (၁၀)ကြောင်းလောက် ရမယ်ဆိုရင် သူတို့ကီလိုကြေးနဲ့ ဆိုရင် ဆီဖိုးနဲ့ ဖုန်းဒေတာဖိုး တကိုယ်ရေး အသုံးစရိတ်တွေ တွက်ကြည့်လိုက်မယ် ဆိုရင် ကျွန်တော်တို့ တစ်ပတ် တစ်ပတ်လစာဟာ ဘယ်လောက်မှ မကျန်တော့ ပါဘူးဗျ၊ အဲ့တာကြောင့်မို့ ကျွန်တော်တို့က ရုံးဘက်ကို ကျွန်တော်တို့ရဲ့ တန်ရာတန်ကြေး ဆီဈေးနဲ့ ကိုက်ညီပြီးတော့ တွက်ချက်ပေးတဲ့ တန်ရာတန်ကြေးကို ကျွန်တော်တို့က တောင်းဆိုတာဗျာ”လို့ ဆိုပါတယ်။

လက်ရှိမှာတော့ Food Panda ကုမ္ပဏီဟာ သပိတ်မှောက်ထားတဲ့ ဝန်ထမ်းတွေကို အလုပ်ပြန်ဆင်းခိုင်းနေပြီး အလုပ်မဆင်းရင် မတ်လ ၂၂ ရက်နေ့ကစပြီး ဝန်ထမ်းအသစ် ခေါ်ယူသွားမယ်လို့ ခြိမ်းခြောက်လာခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် Food Panda ဝန်ထမ်းတွေကတော့ ထိုက်သင့်တဲ့ လုပ်အားခ မရရင် အလုပ်မဆင်းဘဲ သပိတ်ဆက်မှောက်သွားမယ်လို့ ဆိုကြပါတယ်။

ဝန်ထမ်းတွေ သပိတ်မှောက်ထားတဲ့ ကာလအတွင်း ပြည်သူတွေအနေနဲ့ Food Pandaကနေ အစားအသောက် မမှာယူဖို့၊ Food Panda Application ကို rating ချပေးဖို့နဲ့ ဝန်ထမ်းအသစ် ခေါ်ယူရင်လည်း သွားမလျှောက်ကြဖို့ တောင်းဆိုထားကြပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.