မော်လမြိုင် ၊ မတ် (၂၂)

မွန်တိုင်းရင်းသားနိုင်ငံရေးပါတီ တစ်ခုဖြစ်တဲ့ မွန်ညီညွတ်ရေးပါတီက သူတို့ ရှေ့ဆက် ဆောင်ရွက်သွားမယ့် ရှေ့လုပ်ငန်းစဉ် ၅ ရပ်ကို မတ်လ ၂၁ ရက်နေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

အဲဒီရှေ့လုပ်ငန်းစဉ် ၅ ရပ်မှာတော့ ဥပဒေဘောင်အတွင်း နိုင်ငံရေးပါတီဖြစ်တာနဲ့အညီ သိမ်မွေ့ညင်သာတဲ့ အပြောင်းအလဲကို ဖော်ဆောင်နိုင်ဖို့ နိုင်ငံရေးပြဿနာကို ဆွေးနွေးညှိနှိုင်း အဖြေရှာသွားဖို့နဲ့ မည်သည့်နိုင်ငံရေး အချိုးအကွေ့အလှည့်အပြောင်းမဆို မွန်တစ်မျိုးသားလုံးနဲ့ ဒေသခံပြည်သူတွေရဲ့ အကျိုးစီးပွား ရှေးရှု့ပြီး ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် တိုင်းရင်းသားတွေ လိုလားတဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်နဲ့ ကိုက်ညီတဲ့ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပေါ်ပေါက်လာဖို့အတွက် ရည်မှန်းချက်တူ တိုင်းရင်းသားပါတီတွေအပြင် အခြား ဒီမိုကရေစီပါတီတွေနဲ့ ပူးပေါင်းကြိုးပမ်း ဆောင်ရွက်သွားမယ်လို့လည်း ဆိုထားပါတယ်။



တိုင်းရင်းသားအခွင့်အရေးတို့နဲ့ ကိုက်ညီတဲ့ ရွေးကောက်ပွဲ စနစ်ဖြစ်ပေါ်လာရေး ကြိုးပမ်းဆောင်ရွက်သွားဖို့ နဲ့ အနာဂတ်မှာ ပေါ်ပေါက်လာမယ့် ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော်နဲ့အညီ ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲအတည်ပြုနိုင်ရေးအတွက် ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ မွန်ညီညွတ်ရေးပါတီက ထုတ်ပြန်ထားပါတယ်။

မွန်ညီညွတ်ရေးပါတီဟာ ပါတီရဲ့ ရှေ့လုပ်ငန်းစဉ် ၅ ရပ်ကို မတ်လ ၁၈ ရက်နေ့ကနေ ၂၀ ရက်နေ့ ၃ ရက်တာ ကျင်းပခဲ့တဲ့ ပထမအကြိမ်ညီလာခံအပြီးမှာ အခုလို ထုတ်ပြန်ထားလိုက်တာ ဖြစ်ပါတယ်။

မွန်ညီညွတ်ရေးပါတီဟာ ပြီးခဲ့တဲ့ ၂၀၂၀ အထွေထွေးရွေးကောက်ပွဲ လွှတ်တော်ကိုယ်စားလှယ် နေရာ ၁၂ နေရာထိ အနိုင်ရရှိခဲ့ပါတယ်။

ဒါပေမယ့် စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီနဲ့ ပူးပေါင်းသွားတဲ့အတွက်ကြောင့် ပါတီထိပ်ပိုင်းခေါင်းဆောင်တွေ အပါအဝင် ပါတီဝင် ၁၀၀ နီးပါး နှုတ်ထွက်ခဲ့ကြပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.