ဘေဂျင်း၊ မတ် ၁၉

တရုတ်-အမေရိကန် ဆက်ဆံရေးအပေါ် အပျက်သဘောဆောင်သော သက်ရောက်မှုများကို ရှောင်ရှားရန် ထိုင်ဝမ်အရေးကို မှန်ကန်စွာ ကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်ကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်အား ပြောဆိုခဲ့သည်ဟု တရုတ်မီဒီယာများ၏ ဖော်ပြချက်အရ သိရပါသည်။

ခွဲထွက်ပြည်နယ်အဖြစ် ရှုမြင်ထားသည့် ထိုင်ဝမ်ကို တရုတ်အနေဖြင့် လိုအပ်ပါက အင်အားသုံး၍ ပြန်လည် သိမ်းယူမည်ဟု ခြိမ်းခြောက်ခြင်းဟာ အမေရိကန်နှင့် ၎င်း၏ဆက်ဆံရေးတွင် အထိခိုက်မခံဆုံးနှင့် အရေးကြီး ဆုံးပြဿနာဖြစ်သည်ဟု တရုတ်က ပြောကြားခဲ့သည်။

ဖေဖော်ဝါရီလ ၂၄ ရက် ရုရှားကျူးကျော်မှုအပြီး ယူကရိန်းငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရာတွင် ပေကျင်း၏ အကူအညီကို တောင်းခံနေသည့် ဝါရှင်တန်သည် တိုင်ပေနှင့် သံတမန်ဆက်ဆံရေး တရားဝင် မရှိသော်လည်း ထိုင်ဝမ်၏ အဓိကအကျဆုံး နိုင်ငံတကာ ကျောထောက်နောက်ခံပေးသူနှင့် လက်နက်ထောက်ပံ့သူဖြစ်သည်။

“အမေရိကန်ရှိ အချို့သော ပုဂ္ဂိုလ်များသည် ထိုင်ဝမ်ရှိ လွတ်လပ်ရေးလိုလားသော တပ်ဖွဲ့များထံ မှားယွင်းသော နိမိတ်လက္ခဏာတွေ ပေးပို့နေသည်မှာ အလွန်အန္တရာယ်များပါသည်” ဟု ရှီမှ ဗီဒီယိုခေါ်ဆိုမှုတွင် ဘိုင်ဒင်ကို ပြောကြားခဲ့သည်။

ထိုင်ဝမ်အရေးကို ကောင်းစွာ မကိုင်တွယ်ပါက နှစ်နိုင်ငံကြား ဆက်ဆံရေးအပေါ် အဖျက်အမှောင့် သက်ရောက်မှု များ ရှိလာမည်ဖြစ်သည်။

တရုတ်နှင့် အမေရိကန် သမ္မတတို့ ဆွေးနွေးရန် နာရီပိုင်းအလိုတွင် အမေရိကန် ဖျက်သင်္ဘောများ နောက်ယောင်ခံ လိုက်နေသည့် တရုတ်၏ လေယာဉ်တင်သင်္ဘော Shandong ကို ထိုင်ဝမ်ရေလက်ကြားကိုဖြတ်၍ သောကြာ နေ့တွင် ရွက်လွှင့်ခဲ့သည်ဟု အဆိုပါကိစ္စနှင့် ပတ်သက်၍ တိုက်ရိုက်သိသော သတင်းရင်းမြစ်တစ်ခုက Reuters သို့ ပြောကြားခဲ့သည်။

အိမ်ဖြူတော်၏ ထုတ်ပြန်ချက်တွင် ဘိုင်ဒင်က ထိုင်ဝမ်အပေါ် အမေရိကန်၏ မူဝါဒသည် ပြောင်းလဲခြင်းမရှိ ကြောင်း ထပ်လောင်းပြောကြားခဲ့ပြီး လက်ရှိအနေအထားအား တစ်ဖက်သတ်ပြောင်းလဲခြင်းများကို ဝါရှင်တန်က ကန့်ကွက်ကြောင်း အလေးပေးပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် ၎င်း၏ အချုပ်အခြာအာဏာကို အခိုင်အမာရရှိရန် လွန်ခဲ့သည့် နှစ်နှစ်အတွင်း ကျွန်းနှင့်အနီးတွင် ၎င်း၏ စစ်ရေးလှုပ်ရှားမှုကို အရှိန်မြှင့်ခဲ့သည်။

ထိုကိစ္စနှင့်ပတ်သက်ပြီး “အမေရိကန်ဘက်က လုံလောက်တဲ့ အာရုံစိုက်မှု ရှိလာမယ်လို့ မျှော်လင့်ပါတယ်” ဟု ရှီ က ဘိုင်ဒင် သို့ ပြောကြားခဲ့သည်။

ယူကရိန်းစစ်ပွဲကို တတ်နိုင်သမျှ အမြန်ဆုံး အဆုံးသတ်ရမည်ဖြစ်ပြီး ယူကရိန်းပြဿနာ၏ အဓိကအကျဆုံး အချက်ကို ဖြေရှင်းရန် အမေရိကန်နှင့် နေတိုးတို့လည်း ရုရှားနှင့် ဆွေးနွေးမှုများ ပြုလုပ်သင့်ပြီး ရုရှား-ယူကရိန်း ဆွေးနွေးပွဲကို အင်အားစုအားလုံး ပူးပေါင်းထောက်ခံသင့်ကြောင်း ရှီက ဘိုင်ဒင် ကို ပြောကြားခဲ့သည်ဟု တရုတ် နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သည်။

ဘာသာပြန် – အာသစ်

Ref: CAN

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.