မော်လမြိုင် ၊ မတ် (၂၀)

ကရင်ပြည်နယ်၊ ဘားအံမြို့အတွင်းက စာသင်ကျောင်း(၄)ကျောင်းပိတ်ထားတဲ့ ကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီနယ်လုံဝန်ကြီးရဲ့ ကန့်ကွက်စာ ပေးပို့မှုဟာ တရားမဝင်ဘူးလို့ KNU တပ်မဟာ(၁) သထုံရိုင် ဥက္ကဋ္ဌ ပဒိုစောစိုးမြင့်က တုံ့ပြန်လိုက်ပါတယ်။

ဘားအံမြို့က အထက တကောင်းဘိုး၊အထက မြိုင် အထက(ခွဲ) ဝဲပျံနဲ့ အလက ဘောသပြု စတဲ့ကျောင်းတွေက သက်ဆိုင်ရာဝန်ထမ်းတွေနဲ့ကော်မတီဝင်တွေကို လုံခြုံရေးမပေးနိုင်လို့ ဖေဖော်ဝါရီလ(၁၀) ရက်နေ့ကစပြီး ကျောင်းပိတ်လိုက်တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။



အဲဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ကရင်ပြည်နယ် စစ်ကောင်စီ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနောင်က KNU တပ်မဟာ(၁) အနေနဲ့ အဖွဲ့NCA သဘောတူစာချုပ်အတိုင်း လိုက်နာဆောင်ရွက်ဖို့နဲ့ နယ်ဘက်အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စတွေကို ဝင်ရောက်စွက်ဖက်တာတွေ မလုပ်ဖို့ နဲ့ လက်အောက်ခံတပ်ဖွဲ့ဝင်တွေကို ထိန်းသိမ်းကြပ်မတ်ပေးနိုင်ဖို့ ကန့်ကွက်စာ ပေးပို့ခဲ့တာပါ။

စစ်ကောင်စီရဲ့ ကန့်ကွက်စာ ပေးပို့မှုဟာ တရားဝင် အစိုးရ မဟုတ်တဲ့အတွက်ကြောင့် လက်မခံဘူးလို့ KNU တပ်မဟာ(၁) သထုံရိုင် ဥက္ကဋ္ဌ ပဒိုစောစိုးမြင့်က အခုလို တုံ့ပြန်လိုက်ပါတယ်။

“ စစ်ကောင်စီက တရားဝင်အစိုးရ မဟုတ်ဘူး။ ကမ္ဘာတစ်ခုလုံးကလည်း သူတို့ကို အသိအမှတ် မပြုဘူး။ ကျွန်တော်တို့လည်း အသိအမှတ် မပြုဘူး။ အဲ့ဒီဒေသမှာ တိုက်ပွဲတွေဖြစ်နေတော့ အရပ်သားတွေရဲ့ လုံခြုံရေးအတွက် ကျောင်းပိတ်ဖို့ ကျွန်တော်တို့ စာထုတ်တယ်။ ဒီအပေါ်မှာ သူတို့ တုံ့ပြန်တယ်လို့ပဲ မြင်ပါတယ်” လို့ ဆိုပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) သထုံခရိုင် ထိန်းချုပ်နယ်မြေတွေ ဖြစ်တဲ့ ကျိုက်ထို၊ဘီးလင်း၊ သထုံနဲ့ ဘားအံမြို့နယ်တို့မှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းအဖွဲ့တွေရဲ့ တိုက်ပွဲတွေကြောင့် စာသင်ကျောင်း ၃၀၀ နီးပါး ပိတ်ထားရသလို ကျောင်းသူ၊ကျောင်းသားတွေလည်း စစ်ဘေး တိမ်းရှောင်နေရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.