မော်လမြိုင် ၊ မတ် (၁၉)

မွန်ပြည်နယ်မှာတော့ အာဏာသိမ်း စစ်ကောင်စီဟာ အခုနှစ်မှာ ကျရောက်မယ့် မဟာသင်္ကြန်ပွဲတော်ကို စည်းကားသိုက်မြိုက်စွာ ကျင်းပသွားဖို့ စီစဉ်နေပါတယ်။

သင်္ကြန်ပွဲတော် ကျင်းပဖို့အတွက် မတ်လ ၁၇ ရက်နေ့က စစ်ကောင်စီပြည်နယ်ရုံးမှာ အစည်းအဝေး တစ်ရပ် ကျင်းပခဲ့ပြီး သင်္ကြန်ပွဲတော်ကျင်းပရေး ကော်မတီတွေကိုလည်း ဖွဲ့စည်းခဲ့ပါတယ်။

သင်္ကြန်ပွဲတော် ကျင်းပသွားမယ့် အခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီ လက်အောက်ခံ စည်ပင်သာရေးအဖွဲ့ တာဝန်ရှိသူ တစ်ဦးက အခုလိုပဲ ပြောပါတယ်။

“အခုလောလောဆယ်တော့ ကျွန်တော်လည်း အတိအကျ မသိသေးဘူး။အခုတော့ အစီစဥ်ကတော့ (သင်္ကြန်ကျင်းပဖို့) ရှိတယ်။ဘယ်လိုပုံစံမျိုးလဲဆိုတာ အသေးစိတ်ကတော့ ညှိနေတုန်းပဲ၊ အစည်းအဝေးလုပ်နေတုန်းပဲ” လို့ သူက သံလွင်တိုင်းမ်ကို အတည်ပြုပါတယ်။



မွန်ပြည်နယ် စစ်ကောင်စီကတော့ သင်္ကြန်ပွဲတော် စည်ကားဖို့အတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းတွေနဲ့အညီ လုံခြုံရေးအစီအမံတွေကို ဆောင်ရွက်ဖို့နဲ့ သက်ကြီးပူဇော်ပွဲတွေ၊ ဇီဝိတဒါန ငါးလွှတ်ပွဲတွေနဲ့ စတုဒီသာ ကျွေးမွေးဖို့လည်း ညွှန်ကြားထားပါတယ်။

စစ်ကောင်စီက သင်္ကြန်ပွဲတော် ကျင်းပတာဟာ မွန်လူငယ်တွေ တော်လှန်ရေးကာလမှာ နိုင်ငံရေး မလေ့လာနိုင်အောင် အာရုံပြောင်းတာ ဖြစ်တယ်လို့ မွန်လူငယ် တစ်ဦးက ဝေဖန်လိုက်ပါတယ်။

“မွန်‌တွေက တော်လှန်ရေးကာလမှာ တော်လှန်ရေးလုပ်ရမှန်းမသိတော့ဘူး။ပျော်ပွဲရွှင်ပွဲတွေနဲ့ပဲ အလုပ်ရှုပ်သွားတယ်။အဲဒါပဲ သူတို့အချိန်ကုန်သွားတယ်။ဒီအချိန်မှာ ဒီလိုတော်လှန်ရေး ဖြစ်နေတယ်ဆိုတာ နိုင်ငံရေးလေ့လာရမယ်ဆိုတာ မွန်တွေ၊ လူငယ်တွေက မသိတော့ဘူး။အဲဒီတော့ ဘာလို့မသိတာလဲဆိုရင် တစ်ဖက်ကလည်း စစ်ကောင်စီက မွန်လူငယ်တွေကို အာရုံနဲ့လှည့်စားနေတာ။ တစ်ဖက်က မွန်လူကြီးတွေကိုယ်တိုင်ကလည်း ပါဝင်ပတ်သက်နေတာ”လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီက သင်္ကြန်ပွဲတော် ကျင်းပတာဟာ တိုင်းပြည် မငြိမ်မသက် ဖြစ်နေတဲ့အချိန်မှာ ပုံမှန်အခြေအနေတိုင်း ရှိတယ်ဆိုတဲ့ ပြယုဂ်ကို နိုင်ငံတကာထံ ပြသချင်တဲ့အတွက်ကြောင့် လုပ်ဆောင်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

မနှစ်က ကျရောက်ခဲ့တဲ့ မြန်မာရိုးရာ မဟာသင်္ကြန်မှာတော့ ပြည်သူတွေဟာ စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့အနေနဲ့ တော်လှန်သင်္ကြန် ဆင်နွှဲခဲ့ကြပါတယ်။

မွန်ပြည်နယ်မှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် ကျိုက်ထို၊ သထုံ၊ဘီးလင်းနဲ့ရေးမြို့နယ်တို့မှာ စစ်ကောင်စီတပ်နဲ့ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲတွေ ဖြစ်ပွားနေသလို ကျန်မြို့နယ်တွေမှာတော့ ပေါက်ကွဲမှုတွေ မကြာခဏဆိုသလို ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.