မော်လမြိုင် ၊ မတ် (၁၈)

လက်နက်အပြည့်အစုံနဲ့ လာရောက် ပူးပေါင်းဆောင်ရွက်ကြမယ့် တပ်မတော်သားတွေကို လုံခြုံရေး အထူးအာမခံအပြင် ကျပ်သိန်း ၃၀ ချီးမြှင့်သွားမယ်လို့ တနင်္သာရီစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့က ထုတ်ပြန် ကြေညာလိုက်ပါတယ်။

တနင်္သာရီတိုင်းအတွင်းက တပ်မတော်သားတွေအနေနဲ့ ပြည်သူလူထုကို အကြမ်းဖက်သတ်ဖြတ်နေတဲ့ စစ်ကောင်စီတပ်တွေမှာ ဆက်လက်တာဝန် မထမ်းဆောင်ကြဖို့နဲ့ ပြည်သူ့ဘက်တော်သားအဖြစ် ခံယူကြဖို့ ဖိတ်ခေါ်ထားတာပါ။

ဒါ့အပြင် တပ်မတော်သားတွေအနေနဲ့ ပြည်သူ့ဘက်တော်သားအဖြစ် ခံယူပြီး စစ်အာဏာရှင်ကို အမြတ်ပြတ်တဲ့ထိ အတူးတွန်းလှန်ကြဖို့ တနင်္သာရီစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့က တိုက်တွန်းထားပါတယ်။

စစ်အာဏာရှင် စနစ်ကို တိုက်ထုတ်နေတဲ့အချိန်မှာ တပ်မတော်သားတွေကို မတိုက်ချင်ကြောင်းနဲ့ တပ်မတော်သားတွေအနေနဲ့ ပြည်သူဘက်က ရပ်တည်ပေးဖို့ တနင်္သာရီစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက အခုလို တိုက်တွန်းလိုက်ပါတယ်။


“အဓိက ကတော့ တပ်မတော်သားတွေကို ဖိတ်ခေါ်ချင်တာပါ။ ကျွန်တော်တို့က စနစ်ကို တိုက်နေတာ။ လူကို တိုက်နေတာမဟုတ်ဘူး။ တပ်မတော်သားတွေဆိုတာကလဲ ပြည်သူတွေပါဘဲ။ အာဏာရှင်စနစ်ကို ဖြိုချပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို သွားနေတဲ့ အချိန်မှာ ကျွန်တော်တို့ ပြည်သူ ညီနောင်အားလုံးကို ပါဝင်စေချင်တယ်။ ကျွန်တော်တို့သွားမယ့်လမ်းမှာ ပိတ်နေတဲ့ အဖွဲ့အစည်းတွေကို ဖယ်ရှားမှာဖြစ်ပါတယ်။ အဓိက ပိတ်ဆို့နေတာက စကစ တပ်သားတွေဖြစ်တယ်” ပြောရေးဆိုခွင့် ရှိသူက သံလွင်တိုင်းမ်ကိုပြောပါတယ်။

တနင်္သာရီတိုင်းမှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား မကြာခဏဆိုသလို တိုက်ပွဲတွေ ဖြစ်ပွားနေပြီး နှစ်ဖက် ထိခိုက်ကျဆုံးတာတွေ ရှိနေတာပါ။

ဒါ့အပြင် အဲဒီတိုက်ပွဲတွေကြောင့် ထားဝယ်၊ ပုလော၊ရေဖြူနဲ့ သရက်ချောင်းမြို့နယ်တွေက ဒေသခံပြည်သူ ၅၀၀၀ ကျော်သာ နီးစပ်တောတောင်တွေနဲ့ ဘေးလွတ်ရာ နေရာတွေကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.