ဖနွမ်ပင်၊ မတ် ၁၈

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ကို ဖြုတ်ချရန် လုပ်ဆောင်ခဲ့သည်ဟု စွပ်စွဲခံရပြီး ပြည်နှင်ဒဏ်ခံထားရ သည့် အတိုက်အခံခေါင်းဆောင် ဆမ်ရမ်ဆီအား ကမ္ဘောဒီးယားရုံးတော်မှ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့သည်။

ဆမ်ရမ်ဆီသည် နိုင်ငံရေးအရ ပြောဆိုမှုများကြောင့် ပြစ်မှုထင်ရှားခဲ့ပြီး ယမန်နှစ် မတ်လအတွင်းက ချမှတ် သော ပြစ်ဒဏ် ၂၅ နှစ်အပါအဝင် ထောင်ဒဏ်ကို ရှောင်ရှားနိုင်ရန်  ပြင်သစ်နိုင်ငံတွင် ၂၀၁၅ ခုနှစ်ကတည်းက နေထိုင်ခဲ့သည်။

ရုံးတော်သည် ရမ်ဆီအပြင် အခြား‌သော ထင်ရှားကျော်ကြားသည့် နိုင်ငံရေးအတိုက်အခံ ၆ ဦးကို ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ပြီး တက်ကြွလှုပ်ရှားသူ ၁၃ ဦးကိုလည်း ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့သည်။ အခြားသော တက်ကြွလှုပ်ရှားသူတစ်ဦးကိုလည်း ထောင်ဒဏ် ၅ နှစ် ဆိုင်းငံ့ပြစ်ဒဏ်ကို ချမှတ်ခဲ့သည်။

ထိုကဲ့သို့ ပြစ်ဒဏ်ချမှတ်ချိန်တွင် ရုံးတော်ပြင်ပ၌ လုံးထွေးသတ်ပုတ်ခဲ့ကြပြီး လုံခြုံရေးဝန်ထမ်းနှင့် အတိုက် အခံ အားပေးထောက်ခံသူများကို မြေပြင်ပေါ်ပစ်လဲသည်အထိ ထိုးကြိတ်ကာ ဖမ်းဆီးခဲ့ကြသည်။ 

ရှေ့နေ ဆမ် ဆိုကွန် က AFP  သတင်းဌာနသို့ ပြောကြားရာတွင် “ဂျူရီအဖွဲ့ဆုံးဖြတ်ချက် ကြေငြာပြီးနောက် ထောင်ဒဏ်ကျခံရတဲ့ ကျွန်ုပ်ရဲ့ အမှုသည်များက တရားမျှတမှုမရှိကြောင်း အော်ဟစ်ခဲ့ပြီး ထိုစီရင်မှုကို သူတို့ အတော်လေး အမျက်ဒေါသထွက်ပုံရပါတယ်၊ သူတို့တွေ အယူခံဝင်ဖို့လည်း ရှိမှာပါ”ဟု ပြောဆိုခဲ့သည်။ 

ဆမ်ရမ်ဆီသို့ ချမှတ်‌သောပြစ်ဒဏ်သည် ၂၀၁၉ ခုနှစ်အတွင်း ကမ္ဘောဒီးယားသို့ ပြန်လာမည့် သူ၏ အစီ အစဥ်နှင့် ဆက်စပ်မှုရှိပြီး ထိုအချိန်က ရမ်ဆီသည် ဟွန်ဆန်ကို ဆန့်ကျင်ရန် လူထုကို တိုက်တွန်းခဲ့သည်။ 

ရမ်ဆီ၏ ကမ္ဘောဒီးယားဘုရင့်နိုင်ငံသို့ ပြည်တော်ပြန်ခရီးကို ထောက်ခံကြောင်း လူမှုကွန်ရက်များအ‌ပေါ်တွင် ရေးသားသည့်အတွက် ထင်ရှား‌ကျော်ကြားသည့် အတိုက်အခံနှင့် တက်ကြွလှုပ်ရှားသူ ၁၅၀ ဦးကို ခုံရုံးတင် စစ်ဆေးခဲ့သည်။

ဟွန်ဆန်သည် ကမ္ဘာ့အရှည်ကြာဆုံး အုပ်ချုပ်ဆဲခေါင်းဆောင်များအနက်မှ တစ်ဦးဖြစ်ပြီး သံကဲ့သို့ ခိုင်မာသော ဆုပ်ကိုင်ချက်ဖြင့် အာဏာကို နှစ်ပေါင်း ၃၀ ကျော်ကြာ ထိန်းသိမ်းထားခဲ့သည်။

နောက်ဆုံးအကြိမ်ကျင်းပခဲ့သော ၂၀၁၈ ရွေးကောက်ပွဲတွင် ဟွန်ဆန်သည် အတိုက်အခံမရှိပဲ မဲရလဒ်များကို အနိုင်ရလာချိန်တွင် ကမ္ဘောဒီးယားအာဏာပိုင်များသည် ဖျက်သိမ်းခံရသော အတိုက်အခံပါတီ၏ အဖွဲ့ဝင် ဟောင်းများ၊ လူ့အခွင့်အရေးကာကွယ်သူများနှင့် သဘောထားကွဲလွဲသူများကို ဖမ်းဆီးမှုများ တိုးမြှင့် လုပ်ဆောင်ခဲ့သည်။ 

ဘာသာပြန် – အောင်မျိုးမြတ် 

Ref: Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.