ဖာပွန်၊ မတ် ၁၈

ဖာပွန်ခရိုင်မှာ အခုလဝက်အတွင်း စစ်ကောင်စီဘက်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာအပါအဝင် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်တာကြောင့် အရပ်သားပြည်သူ ၁၅ ဦး သေဆုံးခဲ့တယ်လို့ KNU က ထုတ်ပြန်ပါတယ်။

ဖာပွန်ခရိုင်တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ကျေးရွာတွေနဲ့ လယ်ယာလုပ်ငန်းခွင်တွေထဲကို လက်နက်ကြီးအချက်ပေါင်း ၂၀၀ နီးပါးပစ်ခတ်ခဲ့ပြီး လေယာဉ်နဲ့ ၁၇ ကြိမ် ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့တာပါ။

အဲဒီပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၁၅ ဦး သေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို ဒေသခံအရပ်သားပြည်သူ အများစု ပုန်းခိုးနေထိုင်နေရတယ်လို့ KNU ထုတ်ပြန်ထားပါတယ်။



တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် မတ်လ ပထမအပတ် နဲ့ဒုတိယရက်သတ္တပတ်အတွင်း ဖာပွန်မြို့နယ်ထဲက လူဦးရေ ၇၀၀ နီးပါးဟာ ကမမောင်းမြို့နဲ့ လှိုင်းဘွဲမြို့နယ်တွေမှာ အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ကြရတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (UNOCHA) က ထုတ်ပြန်ထားတာပါ။

ကမမောင်းမြို့နဲ့ လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူဒေသဘက်ကို တိမ်းရှောင်ရောက်ရှိလာတဲ့ ဖာပွန်ဒေသခံတွေဟာ နီးစပ်ရာဆွေးမျိုးမိတ်ဆွေတွေနဲ့ ကျေးရွာတွေအတွင်းမှာ လိုက်လံနေထိုင်လျက်ရှိနေပြီး အကူအညီလိုအပ်နေတယ်လို့ စစ်ရှောင်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (UNOCHA) အဆိုအရ မြန်မာပြည်အရှေ့တောင်ပိုင်း ဒေသတွေ ဖြစ်တဲ့ မွန်၊ကရင်၊ တနင်္သာရီတိုင်းက လူဦးရေ ၂ သိန်းကျော်ဟာ တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.