မော်လမြိုင် ၊ မတ် (၁၈)

တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးမှာ အဓိက ဂိတ်တစ်ခုဖြစ်တဲ့ ကျင်စန်းကျော့ဂိတ်က ဆန်အပါအဝင် ကုန်ပစ္စည်း ၇ မျိုး တင်ပို့ခွင့်ကို တရုတ်ဘက်က ယာယီရပ်ဆိုင်းလိုက်တယ်လို့ နယ်စပ်ကုန်သည်တွေက ပြောပါတယ်။

တရုတ်ဘက်က ကိုဗစ်ကပ်ရောဂါ အကြောင်းပြချက်နဲ့ မြန်မာပို့ကုန်တွေ ဖြစ်တဲ့ ဆန်အပါအဝင် ကုန်ပစ္စည်း ၇ မျိုး တင်ပို့ခွင့်ကို ယာယီရပ်ဆိုင်းကြောင်း မတ်လ ၁၅ ရက်နေ့မှာ တရားဝင် အကြောင်းကြားလာတာ ဖြစ်ပါတယ်။

ယာယီတင်ပို့ခွင့် ရပ်ဆိုင်းခံရတဲ့ ကုန်ပစ္စည်းတွေထဲမှာတော့ ဆန်၊ ဆန်ကွဲ၊ ငရုတ်စိမ်း၊ အအေးခန်းစနစ်သုံး သယ်ယူရမယ့် ကုန်စည်တွေ၊ အေးခဲကုန်စည်တွေ၊ ရေထွက်ကုန်တွေ၊ နေ့စဉ်သုံးကုန် ပစ္စည်းတွေနဲ့ ထုတ်ပိုးရ လွယ်ကူတဲ့ စားသောက်ကုန်ပစ္စည်းတွေ ပါဝင်ပါတယ်။


အခုလို ကုန်ပစ္စည်းတွေ တင်ပို့ခွင့် ရပ်ဆိုင်းခံရတာကြောင့် ကုန်စိမ်းပစ္စည်းတင်ပို့နေသူတွေအတွက် ပိုမို အခက်အခဲ ဖြစ်လာနိုင်တယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

“ကျွန်တော်မြင်တာ ပိုပြီးအခက်အခဲများတာက ဟင်းသီး၊ဟင်းရွက်၊ သစ်သီးဝလံတွေကတော့ ပိုပြီးတော့ အခက်အခဲရှိနိုင်တယ်လေ။သူက တာရှည်မခံတဲ့အခါကျတော့။နောက်တစ်ခုက လက်ရှိ တရုတ်နိုင်ငံကို ကြည့်မယ်ဆိုရင်လည်း ဒီရက်ပိုင်းအတွင်းမှာ ကိုဗစ်ကူးစက်မှုက တော်တော်များလာတယ်။များလာတဲ့အခါကျတော့ သူတို့က Zero COVID Policy ကျင့်သုံးတာဆို‌တော့ နယ်စပ်မှာ လောလောဆယ် အခက်အခဲတော့ ရှိနိုင်မယ်လို့ ယူဆတယ်။အထူးသဖြင့် ဆန်၊ဆန်ကွဲဆိုတာထက် ကျန်တဲ့သစ်သီးဝလံတွေက ပိုခက်မယ့် သဘောဖြစ်တယ်”လို့ ဆိုပါတယ်။

တရုတ်ဘက်ကတော့ ကုန်ပစ္စည်းတင်ပို့ခွင့် ယာယီရပ်ဆိုင်းရတာဟာ ကိုဗစ်ကပ်ရောဂါကူးစက်မှုကို သိပွံနည်းကျကျ တားဆီးကာကွယ်ဖို့အတွက် တည်ဆဲဥပဒေတွေအရ ဆောင်ရွက်ရတာလို့ ဆိုထားပါတယ်။

တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးဂိတ်ဖြစ်တဲ့ ကျင်စန်းကျော့ဂိတ်ကို တရုတ်ဘက်က ပြီးခဲ့တဲ့ မတ်လ ၁၂ ရက်နေ့မှာ ပြန်လည် ဖွင့်လှစ်ခွင့်ပေးအပ်ခဲ့ပေမယ့် အခုအခါမှာတော့ ကုန်ပစ္စည်းတင်ပို့မှု ကန့်သတ်လာခဲ့တာပါ။

တရုတ်နိုင်ငံဟာ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးဂိတ်ကနေ မြန်မာနိုင်ငံထဲကို လျှပ်စစ်ပစ္စည်းတွေနဲ့ ဓာတ်မြေသြဇာတွေကို အဓိက တင်သွင်းနေတာ ဖြစ်ပြီး၊ မြန်မာနိုင်ငံကတော့ တရုတ်နိုင်ငံကို စိုက်ပျိုးရေးထွက်ကုန်တွေကို အဓိက တင်ပို့ရောင်းချနေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.