မော်လမြိုင် ၊ မတ် (၁၈)
စစ်တပ် အာဏာသိမ်းပြီးနောက် စက်သုံးဆီဈေးနှုန်း အဆမတန် မြင့်တက်လာတဲ့အတွက်ကြောင့် ရေရှားပါးတဲ့ ဒေသတွေကို ရေသွားလှူဖို့ အခက်အခဲတွေ ရှိနေကြတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။
မွန်ပြည်နယ်ဟာ နွေရာသီရောက်တိုင်း ရေရှားပါးတဲ့ ပြဿနာကို နှစ်စဉ် ခံစားနေရတာ ဖြစ်ပါတယ်။ ဒီထဲမှာတော့ ဘီးလင်း၊ သထုံ၊ ပေါင်၊ မော်လမြိုင်နဲ့ ချောင်းဆုံမြို့နယ်တို့မှာ ရေရှားပါးတဲ့ ဒဏ်ကို ပိုမို ခံစားနေတာ ဖြစ်ပါတယ်။
ဒီနှစ်မှာတော့ စက်သုံးဆီဈေးနှုန်း အပါအဝင် စစ်ကောင်စီဘက်က လူမှုကယ်ဆယ်ရေးအဖွဲ့တွေ ပိုမို တင်းကြပ်လာတဲအတွက်ကြောင့် ရေရှားပါးတဲ့ ဒေသတွေကို ရေသွားရောက် လှူဒါန်းပေးဖို့ အခက်ကြုံနေရတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
“ စက်သုံးဆီ ဈေးနှုန်းမြင့်တက်တာလည်းပါတယ်။ တဖက်ကလည်း လူမှုရေးလုပ်ငန်းတွေ သိပ်မလုပ်ရဘူးဆိုတဲ့ ဖိအားပေးမှုတွေကြောင့်လည်း ပါတယ်။ ဒါကြောင့် တော်ရုံတန်ရုံဆို မလုပ်ကြတော့ဘူး” လို့ ဆိုပါတယ်။
လက်ရှိမှာတော့ ပင်လယ်နဲ့နီးတဲ့ ကျေးရွာတွေမှာ သောက်သုံးရေ ပြတ်လတ်မှုကို စတင်ကြုံတွေ့နေရတာ ဖြစ်ပါတယ်။
ဒါ့အပြင် မြို့ပေါ်တွေမှာလည်း လျှပ်စစ်မီး မမှန်တာကြောင့် သောက်သုံးရေ ပြတ်လပ်မှုနဲ့ ကြုံနေရသလို အများစုကတော့ ကိုယ်ထကိုယ်ထူ စနစ်နဲ့ ဖြေရှင်းနေရတာ ဖြစ်ပါတယ်။
စစ်ကောင်စီဘက်ကတော့ ရေရှားပါးမှု အခက်အခဲကို ဖြေရှင်းဖို့အတွက် စက်ကြီးတွေနဲ့ ရေတင်ပြီး ဖြန့်ဝေပေးဖို့ စီစဉ်နေတယ်လို့ ဆိုထားပါတယ်။
သတင်း – သံလွင်တိုင်းမ်