မော်လမြိုင် ၊ မတ် (၁၇)

မွန်ပြည်နယ်မှာ စစ်တပ် အာဏာသိမ်းတဲ့ တစ်နှစ်ကျော်ကာလအတွင်း စီးပွားရေးကျဆင်းမှုတွေကြောင့် မွေးမြူရေးလုပ်ငန်း ၆၀ ရာခိုင်နှုန်းထက်မနည်း အပြီးပိုင် ရပ်နားသွားရပြီးလို့ မွေးမြူရေး လုပ်ငန်းရှင်တွေက ပြောပါတယ်။

မွေးမြူရေး လုပ်ငန်းတွေဟာ စစ်တပ် အာဏာသိမ်းပြီးနောက် မြန်မာငွေ တန်ဖိုးကျဆင်းလာတာ၊ မွေးမြူးရေးလုပ်ငန်းအတွက် ကုန်ကြမ်းဈေးနှုန်း ၂ ဆကျော် ကြီးမြင့်နေတာ၊ မွေးမြူရေးခြံတွေမှာ ရောဂါ ကျရောက်တာနဲ့ သယ်ယူပို့ဆောင်ရေး စရိတ်ကြီးမြင့်နေတာတွေကြောင့် အရှုံးပေါ်ပြီး လုပ်ငန်း ရပ်နားခဲ့ကြရတာပါ။

ဒါကြောင့် ဒီအခြေအနေအတိုင်းသာ ဆက်လက်ရင်ဆိုင်နေရမယ်ဆိုရင် မကြာမီကာလအတွင်း မွေးမြူရေးလုပ်ငန်းတွေ ထပ်မံ ရပ်နားရဖို့ ရှိနေတယ်လို့ မွေးမြူရေးလုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။

“ မွေးမြူထုတ်လုပ်လို့ မကိုက်တာရော နောက်တစ်ခု သဘာဝဘေးပေါ့၊ ဟိုတလောက ဖြစ်ခဲ့တဲ့ ဝက်တွေက ရွာလုံးကျွတ် လောက်သေသွားတယ်၊ အဲ့လို ဖြစ်ပြီးတော့လည်း နားသွားတယ်၊ လုပ်ငန်း ရပ်သွားတဲ့ သူတွေလည်း ရှိတယ်၊ အစားဈေးနဲ့ ထုတ်လုပ်မှုစရိတ် မကိုက်လို့ နားလိုက်တဲ့ သူတွေလည်း ရှိတယ်ပေါ့၊ နောက်တစ်ခု ဈေးကွက်ကလည်း သယ်ဆောင်ရ ခက်ခဲတာတွေကြောင့်လည်း နားလိုက်တာတွေ ရှိတယ်၊ ဒီတစ်နှစ်တာ ကာလမှာတော့ မွေးမြူရေးနဲ့ ပတ်သက်ပြီးတော့ ရာခိုင်နှုန်း အားဖြင့်ကတော့ (၆၀)ရာခိုင်နှုန်း အထက်လောက်ကို လုပ်ငန်းတွေ နားသွားကြတယ်၊ အခု အခြေအနေအတိုင်း ဆက်သွားရင်တော့ ဒီကောင် မကြာခင်မှာ တော်တော်များများ ထပ်ပြီးတော့ ရပ်သွားလိမ့်မယ်၊ ရာခိုင်နှုန်း တော်တော်များများ ရပ်သွားလိမ့်မယ်”လို့ ဆိုပါတယ်။



လက်ရှိမှာတော့ ဆက်လက် လုပ်ကိုင်နေတဲ့ မွေးမြူရေးလုပ်ငန်းတွေဟာ ကုန်ကြမ်းပစ္စည်းတွေ ဈေးနှုန်း ဆက်တိုက် မြင့်တက်နေတဲ့အတွက်ကြောင့် လုပ်ငန်းတွေ လျှော့ချလာရသလို တချို့လုပ်ငန်းရှင်တွေကလည်း လုပ်ငန်းပြောင်းလဲ လုပ်ကိုင်လာကြတာ ဖြစ်ပါတယ်။

မွေးမြူရေးလုပ်ငန်းရှင် တစ်ဦးကတော့ သွင်းအားစုကုန်ပစ္စည်းတွေ ဖြစ်တဲ့ မွေးမြူရေး အစားအစာနဲ့ ဆေးဝါးဈေးနှုန်းတွေကြောင့် အကျိုးအမြတ် မရှိပေမယ့် လုပ်ငန်း မရပ်သွားအောင် မနည်းကြိုးပမ်း နေတယ်လို့ ဆိုပါတယ်။

“ အကျိုးအမြတ် ကတော့ မရှိဘူး၊ ညီမတို့ကတော့ လုပ်ငန်း လည်ပတ်အောင်ပေါ့နော် တစ်နေ့ကို (၂)ထောင် (၃)ထောင် ကျန်လည်း လုပ်လိုက်တယ်၊ ဒီရုံတွေက ကြာရင် သူ့ဘာသူ ဆွေးသွားမယ် ကြက်ရုံ တွေကလေ၊ ကြက်မထည့်ဘူးဆို သူဘာသူ ဆွေးသွားရော သံဇကာတွေဆိုတော့ အဲ့တာကြောင့် ကြက်တွေ ထည့်တာမှ အဲ့လိုမျိုး မဆွေးဘူး၊ နောက်ပြီး ဒီရုံတွေ ရင်းထားတာ များတယ်လေ လုပ်ငန်း လည်ပတ်အောင်တော့ ကိုယ်ကတော့ လုပ်နေတာပေါ့”လို့ ဆိုပါတယ်။

တဖက်မှာတော့ မွေးမြူရေးလုပ်ငန်းတွေဟာ ပြည်ပမှောင်ခိုတင်သွင်းလာတဲ့ မွေးမြူရေးထွက်ကုန်တွေကြောင့် ဈေးကွက်မယှဉ်နိုင်ဘဲ အရှုံးနဲ့ ရင်ဆိုင်နေရတာလည်း ဖြစ်ပါတယ်။

မွန်ပြည်နယ်မှာတော့ မွေးမြူရေးလုပ်ငန်းကို မြို့နယ် ၁၀ မြို့နယ်စလုံးမှာ လုပ်ကိုင်ကြတာ ဖြစ်ပြီး ဥစားကြက်၊အသားစားကြက်နဲ့ ဝက်၊ဆိတ်၊ ငုံ အပါအဝင် နွားတို့ကို အဓိက မွေးမြူကြပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.