ဘန်ကောက်၊ မတ် ၁၅

၁၈ နှစ်‌ကျော်ကြာ တင်ပို့မှုရပ်ဆိုင်းထားပြီးနောက် ထိုင်းကြက်သားစက်ရုံ ၁၁ ရုံမှ အ‌အေးဓါတ်ပေး၊ ရေခဲရိုက် ကြက်သားတင်ပို့မှုကို ဆော်ဒီအာရေးဗျဘက်မှ ပြန်လည်ခွင့်ပြုလိုက်ပြီး မတ်လ ၁၃ ရက်နေ့တွင် ထိုခွင့်ပြု ချက် စတင်အကျိုးသက်ရောက်မည်ဖြစ်သည်။ 

ကုန်သွယ်ရေးဝန်ကြီး ဂျူရင် လက်ဆနာဝီဆစ် ၏ ပြောကြားချက်အရ ဆော်ဒီဈေးကွက် ကြီးကြပ်ရေးမှူးနှင့် ထိုင်းနိုင်ငံခြားရေး ကြီးကြပ်ရေးမှူးတို့သည် ဆော်ဒီ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး အာဏာပိုင်များ နှင့် တွေ့ဆုံခဲ့ပြီး ဆော်ဒီနိုင်ငံသို့ ထိုင်းနိုင်ငံရှိ စက်ရုံ ၁၁ ရုံမှ ကြက်သားတင်ပို့မှုကို ခွင့်ပြုပေးမည့် အကြောင်းကို အတည်ပြုဆွေးနွေးနိုင်ခဲ့သည်။ 

ထိုဆောင်ရွက်ချက်သည် ဆော်ဒီအာဏာပိုင်များမှ အဆိုပါစက်ရုံများသို့ ယမန်နှစ်အတွင်း စစ်ဆေးမှုများ‌ဆောင်ရွက်ပြီးနောက်တွင် ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။  

မစ္စတာ ဂျူရင် က “ဒါဟာ ထိုင်းနိုင်ငံအတွက်သာမက ကြက်သားထုတ်လုပ်ရေးကဏ္ဍ တစ်ခုလုံးအတွက် လည်း သတင်းကောင်းဖြစ်တယ်” ဟု ပြောကြားခဲ့သည်။ 

ဆော်ဒီအာရေး‌ဗျသည် တစ်နှစ်လျှင် ကြက်သားတန်ချိန် ၅၉၀,၀၀၀ ကို ပြည်ပမှ တင်သွင်းရပြီး ဘရာဇီးမှ ၇၀ ရာခိုင်နှုန်း တင်သွင်းရကာ ကျန်ရှိသော ၃၀ ရာခိုင်နှုန်းကို ယူကရိန်းနှင့် ပြင်သစ်နိုင်ငံများမှ တင်သွင်းရသည်။ 

မစ္စတာ ဂျူရင် က “ထိုခွင့်ပြုချက်ရဲ့ အကျိုးဆက်တစ်ခုအနေဖြင့် ထိုင်းနိုင်ငံသည် ဆော်ဒီအာရေးဗျရှိ ဈေး ကွက်ရှယ်ယာအတော်များများကို ပြန်ရရှိဖို့ အခွင့်ရေးတစ်ခေါက်ပြန်ရမှာပါ။ ပြည်တွင်းစားသုံးမှု လုံလောက် မှုရှိတဲ့ အခြေအနေတစ်ရပ်ရယ်၊ ပြည်တွင်းကြက်သားဈေးကို အကျိုးသက်ရောက်မှုနည်းပါးအောင် ဆောင် ရွက်ဖို့ရယ်ဆိုတဲ့ အခြေအနေကနေ ကြက်သားပြည်ပပို့ကုန်များကို ပြင်ဆင်နိုင်ကြရန် ကျွန်ုပ်က ကုန်သွယ်ရေး အမြဲတမ်းအတွင်းဝန်နှင့် နိုင်ငံတကာကုန်သွယ်မှု မြှင့်တင်ရေး ဦးစီးဌာနရဲ့ အထွေထွေဒါရိုက်တာ တို့ကို ပုဂ္ဂလိကကဏ္ဍနှင့် ထိုင်းနိုင်ငံဆိုင်ရာ အစ္စလာမ်ကောင်စီတို့နှင့် ဆွေးနွေးဖို့ တာဝန်ပေးထားပါတယ်” ဟု ပြောကြားခဲ့သည်။ 

မစ္စတာ ဂျူရီ က ဆော်ဒီအာ‌ရေးဗျသို့ အခြားသော ကုန်စည်များတင်ပို့ရေးကို စတင်ရန်ကိုလည်း ရည်ရွယ် ထားပြီး နှစ်နိုင်ငံကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကို မြင့်တင့်ဖို့ အလည်အပတ်ခရီးစဥ် တစ်ရပ် သွားရောက်ရန် စီစဥ်ထားသည်ဟုလည်း ပြောကြားခဲ့သည်။ 

ယမန်နှစ်အတွင်း ထိုင်းနိုင်ငံ၏ အအေးဓါတ်ပေး၊ ရေခဲရိုက်ပြီး ပြုပြင်ထားသော ကြက်သားတင်ပို့မှုများမှာ ၉၁၂,၉၀၀ တန်ချိန်ရှိပြိး ဘတ်တန်ဖိုး ၁၀၂.၅၂၉ ဘီလီယံနှင့် ညီမျှသည်။  

ထိုင်းနိုင်ငံ၏ နိုင်ံငံတကာကုန်သွယ်မှုမြင့်တင်ရေးဦးစီးဌာန အထွေထွေဒါရိုက်တာ ဖူဆစ် ရာတနာကောလ် ၏ ပြောကြားချက်အရ ၂၀၀၂ ခုနှစ်အတွင်း ဆော်ဒီအာရေးဗျနိုင်ငံသို့ ကြက်သားတင်ပို့မှုမှာ ဘတ်တန်ဖိုး ၅၆.၉ မီလီယမ်အထိရှိခဲ့ပြီး ၂၀၀၃ ခုနှစ်တွင် ဘတ် ၄.၈ မီလီယမ်အထိရှိခဲ့သည်။ ထိုနောက်တွင် သံတမန်ရေးဆိုင်ရာ ဆိတ်သုဥ်းမှုများကြောင့် ‌ဆော်ဒီအာရေးဗျသို့ ကြက်သားတင်ပို့မှုမှာ ပြတ်တောက်သွားခဲ့သည်ဟု ပါရှိသည်။ 

မစ္စတာ ဖူဆစ် က ထိုင်းပုဂ္ဂလိကကဏ္ဍနှင့် တိုင်ပင်နှီး‌နှောရန် လိုအပ်နေသေးပြီး ပြည်တွင်းစားသုံးမှုနှင့် ဈေးနှုန်းများအပေါ် အကျိုးသက်ရောက်မှု နည်းစေရေး မူဝါဒအရ ပြည်ပပို့ကုန်တင်ပို့မှုကို မြှင့်တင်ရေးကို ဆောင်ရွက်ရမှာ ဖြစ်သောကြောင့်  ယခုနှစ်အတွင်း ဆော်ဒီအာရေးဗျရှိ ကြက်သား ပြည်ပပို့ကုန်ဆိုင်ရာ ရှုမြင်ကွင်းကို သုံးသပ်ဖို့ရန် စောလွန်နေသေးကြောင်း ဟုလည်း ပြောကြားခဲ့သည်။ 

ဘာသာပြန် – အောင်မျိုးမြတ်  

Ref: Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.