မော်လမြိုင် ၊ ဖေဖော်ဝါရီ (၂၇)

အရပ်သားပြည်သူလူထုကို သတ်ဖြတ်ပြီး ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးနေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေဟာ သည်းခံနိုင်စရာ မရှိတော့ဘူးလို့ ကရင်မျိုးသားအစည်းအရုံး KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောဆိုလိုက်ပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ သူတို့ စစ်ဆင်ရေးတွေ လုပ်ဆောင်နေတဲ့ နယ်မြေဒေသအားလုံးမှာ လူနေအိမ် ကျေးရွာတွေအပေါ် လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ လေယာဉ်နဲ့ဗုံးကြတာ၊ ဒေသခံအရပ်သားပြည်သူတွေကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်တာနဲ့ ကျေးရွာတွေကိုမီးရှို့ဖျက်ဆီးတာတွေ ဆက်တိုက် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

စစ်ကောင်စီဟာ ဖေဖော်ဝါရီ ၂၅ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် နှမစားရစ်ကျေးရွာကို ဝင်ရောက် စီးနင်းပြီးနောက် ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့သလို အရပ်သားပြည်သူတွေကိုလည်း သတ်ဖြတ်သွားခဲ့ပါသေးတယ်။

စစ်ကောင်စီရဲ့ လုပ်ရပ်ဟာ တော်လှန်နေတဲ့ အဖွဲ့အစည်းတွေကို လူထုကနေ အကူအညီမပေးရဲအောင်နဲ့ ကြောက်စိတ်တွေဝင်သွားအောင် လုပ်ဆောင်နေတယ်လို့ KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောပါတယ်။

“ စကစကို တော်လှန်နေတဲ့ အဖွဲ့အစည်းတစ်ခုလုံးကို လူထုက လက်မခံရဲအောင် အကူအညီမပေးရဲအောင် ကြောက်စိတ်ဝင်သွားအောင် လုပ်တဲ့သဘောရှိတယ်။ သူတို့တွက်တာက ရွာသားတွေ ရပ်တည်လို့မရရင် PDF တွေရပ်တည်လို့ မရဘူးဆိုတဲ့ ကလေးအတွေးပဲ တွက်တာ” လို့ ဆိုပါတယ်။

စစ်ကောင်စီက အခုလို အရပ်သားပြည်သူတွေကို သတ်ဖြတ်ပြီး ကျေးရွာတွေအပေါ် ဗုံးကြဲတိုက်ခိုက်တာနဲ့ မီးရှို့ဖျက်ဆီးတာတွေဟာ အရင်ကတည်းက တိုင်းရင်းသားနယ်မြေတွေမှာ လုပ်ဆောင်နေခဲ့တာ ဖြစ်ပြီး အောင်မြင်မှု မရှိတဲ့အပေါ် စစ်ကောင်စီအနေနဲ့ ဒီကနေ့အချိန်ထိ သင်ခန်းစာ မယူတတ်သေးဘူးလို့ ၄င်းက ဆက်လက်ပြောပါတယ်။

ဒါကြောင့် တော်လှန်ရေးအဖွဲ့အစည်းတွေအနေနဲ့ ရန်သူဖြစ်တဲ့ စစ်ကောင်စီကို ရင်ဆိုင်ရာမှာ ပြတ်ပြတ်သားသား ဆောင်ရွက်ကြဖို့နဲ့ အရပ်သားပြည်သူတွေကို ကာကွယ်ပေးဖို့ ပဒိုစောတောနီးက တိုက်တွန်း လိုက်ပါတယ်။

ဒါ့အပြင် ကရင်အမျိုးသားအစည်းအရုံး KNU အနေနဲ့ စစ်အာဏာရှင် ကျဆုံးရေးအတွက် ဆက်လက် တိုက်ပွဲ ဝင်သွားမှာ ဖြစ်ပြီး၊ ကရင်လူမျိူး အပါအဝင် တိုင်းရင်းသားပြည်သူတွေအနေနဲ့ ရည်မှန်းချက် အောင်မြင်ဖို့ ဆက်လက် ကြိုးပမ်းဆောင်ရွက်ကြဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

သတင်း – သံလွင်တိုင်မ်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.