မော်လမြိုင် ၊ ဖေဖော်ဝါရီ (၂၅)

စစ်ကောင်စီ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီနဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီတို့အနေနဲ့ ပါတီ ငွေစာရင်းတွေကို သတ်မှတ်ကာလမတိုင်မီ လာရောက်စစ်ဆေးမခံရင် ပါတီ ဖျက်သိမ်းနိုင်တယ်လို့ ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာ သတိပေးစာ ထုတ်ပြန်လိုက်ပါတယ်။

စစ်ကောင်စီ ကော်မရှင်ကတော့ NLD နဲ့ SNLD ပါတီတို့ကို ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ လာရောက် စစ်ဆေးခံဖို့ ဆက်သွယ်အကြောင်းကြားခဲ့ပေမယ့် သတ်မှတ်ရက်အတွင်း လာရောက် စစ်ဆေးခံတာ မရှိဘူးလို့ ဆိုထားပါတယ်။

ဒါကြောင့် NLD နဲ့ SNLD ပါတီတို့အနေနဲ့ ညွှန်ကြားတဲ့အတိုင်း လိုက်နာဆောင်ရွက်မှု ပျက်ကွက်ရင် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၂၄ (ဂ)၊(ဃ)၊(င) တို့နဲ့အညီ အရေးယူဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ခဲ့တာပါ။

SNLD ပါတီ အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ်ကတော့ စစ်ကောင်စီက ပါတီဖျက်သိမ်းမယ်လို့ ခြိမ်းခြောက်လာမယ့်လည်း အရင် ရပ်တည်ချက်အတိုင်း သွားရောက် စစ်ဆေးခံမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

“တကယ်လို့ သူတို့ချိန်းဆိုထားတဲ့ ရက် ကျော်လွန်ပြီးတော့မှ သွားပြီးအစစ်ဆေးမခံလို့ရှိရင် ပါတီ မှတ်ပုံတင်ထားခြင်းကို ၃ နှစ်ကြာတဲ့အထိ သူတို့ (UEC) ရပ်ဆိုင်းထားနိုင်တယ်ဆိုတာပဲ ပါပါတယ်။ဒါပေမယ့် သူတို့အနေနဲ့ (UEC) ဘယ်လိုပဲပြောပြော ကျွန်တော်တို့က နဂိုဆုံးဖြတ်ထားတဲ့အတိုင်းပါပဲ။ကျွန်တော်တို့ ရုံးမှာ စာရင်းဇယားတွေ ရှိတယ်။ရုံးကိုလည်း အမြဲဖွင့်ထားတယ်။လိုအပ်ရင် ရုံးကိုလာစစ်ပါ။အဲဒီအတိုင်းပဲ ကျွန်တော်တို့ ရပ်တည်ပါတယ်”လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီ ကော်မရှင်က ပါတီ ငွေစာရင်းစစ်ဆေးမှုမှာ အဆင့်သင့်မဖြစ်သေးတဲ့ တခြားပါတီတွေကို ဖိအားမပေးဘဲ NLD နဲ့ SNLD ပါတီ နှစ်ခုတည်းကိုပဲ ကွက်ပြီး ခြိမ်းခြောက်‌နေတာ မေးခွန်းထုတ်စရာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒါကြောင့် စစ်ကောင်စီ ကော်မရှင်ရဲ့ လုပ်ရပ်ဟာ သမာသမတ်မှု ရရှိရဲ့လားဆိုတာ ပြန်လည် သုံးသပ်သင့်တယ်လို့ ဦးစိုင်းလိတ်က ဝေဖန်လိုက်ပါတယ်။

“ပါတီငွေစာရင်းနဲ့ ပတ်သက်ပြီးတော့မှ အစစ်ဆေးခံဖို့ အဆင်သင့်မဖြစ်သေးတဲ့ ပါတီတွေအများကြီး ရှိပါတယ်။ကျွန်တော်တို့ အပါအဝင်ဆိုလို့ရှိရင် ၇ ပါတီ၊ ၈ ပါတီရှိတယ်လို့ ကျွန်တော်တို့ စုံစမ်းသိရှိရတယ်။အဲဒီတော့ အခြားပါတီတွေအပေါ်မှာ ဖိအားပေးတာမျိုး၊ခြိမ်းခြောက်ပြောဆိုတာ မရှိဘဲနဲ့ ကျွန်တော်တို့ ပါတီနဲ့ NLD နှစ်ခု တည်းကိုပဲ ကွက်ပြီးတော့မှ ဒီလိုမျိုး ခြိမ်းခြောက်ပြောဆို ဖိအားပေးတာက ဒါဘယ်လိုအကြောင်းတရားကြောင့်ဆိုတာလည်းပဲ မေးခွန်းထုတ်စရာ ဖြစ်ပါတယ်။အဲဒါကြောင့်မို့လို့ UEC ရဲ့ ဆောင်ရွက်ချက်တွေဟာ သမာသမတ်ရှိရဲ့လားဆိုတာလည်း ပြန်လည်သုံးသပ်သင့်တယ်လို့ ကျွန်တော် ဒီလိုပဲ မှတ်ချက်ပေးလိုပါတယ်”လို့ သူက ဆိုပါတယ်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီဟာ ပြီးခဲ့တဲ့ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမှာ နိုင်ငံအတိုင်းအတာအရ လွှတ်တော် ကိုယ်စားလှယ်နေရာ တတိယ အများဆုံး အနိုင်ရရှိထားတဲ့ ပါတီ တစ်ခု ဖြစ်သလို တိုင်းရင်းသားနိုင်ငံရေးပါတီတွေထဲမှာ အင်အားအကြီးဆုံး ပါတီ တစ်ခုလည်း ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.