မော်လမြိုင် ၊ ဖေဖော်ဝါရီ (၂၄)

မွန်ပြည်နယ်အတွင်းမှာ ကိုဗစ်အတည်ပြုလူနာတွေကို ကုသပေးနေတဲ့ ကွာရန်တင်းစင်တာတွေဟာ စစ်ကောင်စီ အထောက်အပံ့မရတာကြောင့် ကိုယ်ထူကိုယ်ထ စနစ်နဲ့ ဆောင်ရွက်နေရတယ်လို့ ကိုဗစ်အရေးကူညီပေးနေသူတွေက ပြောပါတယ်။

ကိုဗစ်အတည်ပြုလူနာတွေကို သက်ဆိုင်ရာမြို့နယ်တွေရဲ့ ရပ်ကွက်၊ကျေးရွာမှာ ကိုယ်ထူကိုယ်ထ စနစ်နဲ့ ကွာရန်တင်းစင်တာတွေ ဖွင့်လှစ်ပြီး ဆေးကုသပေးနေရတာ ဖြစ်ပါတယ်။

စစ်ကောင်စီကတော့ ကိုဗစ်အတည်ပြုလူနာတွေထဲမှာ ရောဂါအခံရှိသူနဲ့ သက်ကြီးပိုင်းတွေကိုသာ မြို့နယ် ပြည်သူ့ဆေးရုံတွေမှာ တက်ရောက်ကုသစေတာပါ။

ကိုဗစ်လူနာတွေကို ကုသပေးနေရတဲ့ ကွာရန်တင်းစင်တာတွေဟာ အစားအသောက် အပါအဝင် ကျန်းမာရေး အကာအကွယ် ပစ္စည်းတွေကအစ ကိုယ်စရိတ်နဲ့ ကိုယ်ဆောင်ရွက်နေရပြီး စစ်ကောင်စီဘက်က ဆေးဝါးပစ္စည်းတချို့သာ ထောက်ပံ့တယ်လို့ ကိုဗစ်အရေးကူညီနေသူ တစ်ဦးက ပြောပါတယ်။

“သူတို့ကတော့ (စကစ)ပေးတာက ဆေးပစ္စည်းလောက်ပဲ ပေးတာ။စားဖို့သောက်ဖို့ကျတော့ ကိုယ့်စားရိတ်နဲ့ ကိုယ်ပဲပေါ့။အခြား ဘာညာ အထွေအထူး ပေးတာ မရှိဘူး”လို့ သူက ဆိုပါတယ်။

ကိုယ်ထူကိုယ်ထ စနစ်နဲ့ ဖွင့်လှစ်ထားတဲ့ ကွာရန်တင်း စင်တာတွေဟာ သက်ဆိုင်ရာ ရပ်ကွက်၊ကျေးရွာအတွင်းက အလှူရှင်တွေရဲ့ အလှူငွေတွေနဲ့ ရပ်တည်နေတာကြောင့် အခက်အခဲမျိုးစုံရင်ဆိုင်နေရတာ ဖြစ်ပြီး အခုနောက်ပိုင်း အလှူငွေ ရရှိမှု နည်းပါလားတာကြောင့် ဆက်လက်ရပ်တည်ဖို့ အခက်ကြုံနေရပါတယ်။

တဖက်မှာလည်း ပြည်နယ်အတွင်းမှာ ကိုဗစ်ရောဂါ ကူးစက်မှုနှုန်း မြင့်တက်လာတဲ့အတွက် ဆက်လက်ကူညီနိုင်ဖို့အတွက် စက်သုံးဆီ အပါအဝင် ကျန်းမာရေး အကာအကွယ်ပစ္စည်းကအစ လိုအပ်ချက်တွေ ရှိနေတယ်လို့ ကိုဗစ်အရေးကူညီနေသူ တစ်ဦးက ပြောပါတယ်။

“အခက်အခဲက ကုန်ဈေးနှုန်းမြင့်တယ်။စက်သုံးဆီ ဈေးနှုန်းမြင့်တယ်။နောက် ကျွန်တော်တို့မှာ လက်ရှိသုံးနေတဲ့ PPE တို့၊လက်အိတ်၊Mask အကုန်ဈေးမြင့်တဲ့ အပေါ်မှာ နည်းနည်းတော့ အခက်အခဲရှိတာပေါ့။အရင်ကထက်စာရင် အခက်အခဲဖြစ်တာပေါ့” လို့ ဒေသတွင်း ကိုဗစ်အရေးကူညီပေးနေသူ တစ်ဦးက ပြောပါတယ်။

မွန်ပြည်နယ်မှာတော့ ဖေဖော်ဝါရီ ဒုတိယအပတ်ကစပြီး တစ်ရက်ကို ကိုဗစ်အတည်ပြုလူနာ ၁၀၀ ကျော် ရောဂါပိုး ကူးစက်ခံနေရတယ်လို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဒါပေမယ့် မြေပြင်မှာတော့ ရပ်ကွက်တိုင်းလိုလိုမှာ ကိုဗစ်ရောဂါကို အိမ်တွင်း ကြိတ်ကုနေတဲ့ သူတွေလည်း ရှိတာကြောင့် စစ်ကောင်စီထုတ်ပြန်တဲ့ စာရင်းတွေထက် အများကြီး ပိုနိုင်တယ်လို့ ကိုဗစ်အရေးကူညီပေးနေသူတွေက ဆိုကြပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.