မော်လမြိုင် ၊ ဖေဖော်ဝါရီ (၂၃)

မော်လမြိုင်မြို့မှာ Safe City လို့ခေါ်တဲ့ CCTV ကင်မရာတပ်ဆင်မှု စီမံကိန်း ဒုတိယပိုင်းကို ဆက်လက် လုပ်ဆောင်နေပြီး ဒီစီမံကိန်း ပြီးစီးသွားရင် မြို့ရဲ့ ၈၀ ရာခိုင်နှုန်းနီးပါးကို စောင့်ကြည့်နိုင်တော့မယ်လို့ မွန်ပြည်နယ် အစိုးရ အဖွဲ့ရုံး တာဝန်ရှိသူတွေက ပြောပါတယ်။

CCTV ကင်မရာတပ်ဆင်မှု စီမံကိန်းရဲ့ ဒုတိယပိုင်းမှာတော့ မော်လမြိုင်မြို့ အတွင်းရှိ နေရာ တော်တော် များများကို လွှမ်းခြုံ နိုင်ဖို့အတွက် လိုအပ်တဲ့ နေရာတွေမှာ ကေဘယ်ကြိုး ဆွဲတဲ့လုပ်ငန်းတွေ လုပ်ဆောင်နေသလို ကင်မရာ တွေကိုလည်း နေရာလွတ် မကျန်အောင် တပ်ဆင်မှုတွေ ပြုလုပ်နေတာပါ။

CCTV ကင်မရာတပ်ဆင်မှု စီမံကိန်း ဒုတိယပိုင်း ပြီးစီးရင် မြို့အတွင်းရှိ ပြည်သူတွေရဲ့ လှုပ်ရှား သွားလာမှုကို (၈၀)ရာခိုင်နှုန်း နီးပါးကို လွမ်းခြုံ ကြည့်ရှု့နိုင်မှာ ဖြစ်ပြီး (၁၀၀) ရာခိုင်နှုန်း နီးပါး လွမ်းခြုံ နိုင်ဖို့ အတွက်လည်း CCTV တပ်ဆင်မှု တတိယပိုင်းအဖြစ် လာမယ့် (၂၀၂၂-၂၀၂၃) ဘဏ္ဍာရေး နှစ်မှာ ဆက်လက် လုပ်ဆောင် သွားဖို့ ရှိနေပါတယ်။

အခုလို CCTV ကင်မရာတွေကို မြို့အနှံ့ နေရာလွတ် မကျန် တပ်ဆင်တာဟာ လုံခြုံရေးကို အကြောင်းပြပြီး ပြည်သူတွေရဲ့ ကိုယ်ရေးကိုယ်တာကို ချိုးဖောက် နေတာ ဖြစ်တယ်လို့ ဒေသခံပြည်သူ တစ်ဦးက ပြောပါတယ်။

“နေရာအနှံ့မှာ ဒီCCTVက မြို့အနှံ့လို့တော့ ပြောလို့ရတယ်ပေါ့ လမ်းဆုံလမ်းခွတွေ ဒီရပ်ကွက် အဝင်အထွက်တွေ ဒီနေရာတွေ အားလုံးမှာ CCTVတပ်ထားတဲ့ ဟာမျိုး ရှိတာပေါ့၊ ထပ်ပြီးတော့ CCTVပါ မကဘဲနဲ့ CCTVအတွက် ဆလိုက်တွေ ထိုးထားတာ ရှိတယ်၊ မီးတွေ ထိုးထားတာ ရှိတာပေါ့၊ အဲ့တာတွေပါ တွေ့ရတယ်ပေါ့နော်၊ လုံခြုံရေး ဆိုတာထက် ကျွန်တော်တို့ရဲ့ ကိုယ်ရေးကိုယ်တာ ပေါ့နော်၊ ထည်ထည်ဝင်ဝင် ချိုးဖောက် ခံနေရတယ်ပေါ့နော်”လို့ ဆိုပါတယ်။

ဒါ့အပြင် CCTV ကင်မရာတွေကို နေရာ အနှံ့ တပ်ဆင်တာဟာ ပြည်သူတွေရဲ့ လွတ်လပ်စွာ သွားလာ နေထိုင်ခွင့်ကို ဆုံးရှုံး စေသလို တော်လှန်ရေး လုပ်ဆောင်နေတဲ့ တက်ကြွလှုပ်ရှား သူတွေအတွက်လည်း လှုပ်ရှားမှုတွေမှာ ပိုပြီး ခက်ခဲလာနိုင်တယ်လို့ ဆိုပါတယ်။

မော်လမြိုင်မှာ တပ်ဆင်ထားတဲ့ CCTV ကင်မရာတွေဟာ လူကို မှတ်သားထားနိုင်တဲ့ ကင်မရာတွေ ပါဝင်သလို ကားနံပါတ် ဖက်လို့ရတဲ့ ကင်မရာတွေ အပြင် (၃၆၀) လှည်ပတ် ကြည့်ရှု နိုင်တဲ့ ကင်မရာတွေနဲ့ မှတ်တမ်း ယူနိုင်တဲ့ ကင်မရာတွေလည်း ပါဝင်ပါတယ်။
CCTV ကင်မရာ ထိန်းချုပ်ရေး စင်တာတွေကိုတော့ မော်လမြိုင်မြို့ရှိ မွန်ပြည်နယ် အစိုးရရုံးထဲ တည်ဆောက်ထားတာ ဖြစ်ပါတယ်။

မော်လမြိုင်မြို့မှာ ဆောင်ရွက်နေတဲ့ Safe City လို့ခေါ်တဲ့ CCTV ကင်မရာတပ်ဆင်မှု စီမံကိန်းကိုတော့ စစ်တပ်နောက်ခံ နောင်ရိုး ကုမ္ပဏီနဲ့ FISCA ကုမ္ပဏီတို့က တင်ဒါအောင်မြင်ပြီး လုပ်ငန်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.