မော်လမြိုင် ၊ ဖေဖော်ဝါရီ (၂၂)

မွန်ပြည်နယ်မှာ NLD အစိုးရလက်ထက်တုန်းက ကိုဗစ်ကြောင့် ဖြစ်ပေါ်လာတဲ့ စီးပွားရေးသက်ရောက်မှုတွေကို ပြန်လည် ကုစားဖို့ လုပ်ငန်းရှင်တွေကို ကိုဗစ်ချေးငွေ ထုတ်ပေးခဲ့တာ ဖြစ်ပါတယ်။

အဲဒီချေးငွေကို စစ်ကောင်စီက အာဏာသိမ်းပြီးနောက် မဖြစ်မနေ ပြန်ဆပ်ကြဖို့ ဖိအာပေးခဲ့တာ ဖြစ်ပြီး လုပ်ငန်းရှင်တွေရဲ့ တောင်းဆိုမှုကြောင့် စစ်ကောင်စီက ချေးငွေ ပြန်ဆပ်ကာလကို ၁၈ လ သက်တမ်းတိုးပေးခဲ့ပါတယ်။

ဒါပေမယ့် အခုလကစပြီး ချေးငွေ ယူထားတဲ့ သူတွေအနေနဲ့ အတိုး ၁ ရာခိုင်နှုန်းကို မဖြစ်မနေ ပြန်ဆပ်ကြဖို့ စစ်ကောင်စီက ညွှန်ကြားထားပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး ဟိုတယ်လုပ်ငန်းရှင် တစ်ဦးက အခုလိုပဲ ပြောပါတယ်။

“ ကျွန်တော်တို့ဆီမှာက ဟိုတယ်အုပ်စုကို ပြန်ဆပ်ခိုင်းနေတာ၊ တော်တော်များများက ပြန်ဆပ်ပြီးနေပြီ။အပြည့်တော့ မပေးနိုင်ကြဘူ။အားလုံးက ချေးထားတဲ့ ငွေအပေါ်မှာ ၁ ရာခိုင်နှုန်းပဲ ပေးရတယ်”လို့ ဟိုတယ်လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

စီးပွားရေးလုပ်ငန်းရှင်တွေကတော့ ကိုဗစ်ကပ်ရောဂါနဲ့အတူ နိုင်ငံရေး အခြေအနေတွေကြောင့် ကိုဗစ်ချေးငွေကို တစ်လုံးတခဲတည်း ပြန်ဆပ်ဖို့ အခက်အခဲ ရှိနေကြတယ်လို့ ဆိုပါတယ်။

တဖက်မှာတော့ စီးပွားရေးလုပ်ငန်းတွေဟာ စစ်တပ် အာဏာသိမ်းပြီးနောက် ဘဏ်ဝန်ဆောင်မှု ကန့်သတ်ခံရတာနဲ့ ကုန်ကြမ်းပစ္စည်း ဈေးနှုန်းမြင့်တက်လာတာတဲ့အတွက် လုပ်ငန်းတွေ လည်ပတ်ဖို့ အခက်ကြုံနေရတယ်လို့ အထည်ချုပ်လုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။

“သူ့အခက်အခဲ၊သူ့ဟာသူနဲ့တော့ တစ်ဦးချင်းတော့ သိပ်မသိဘူး။အားလုံးတော့ ပေါင်းလိုက်ရင်တော့ခက်ခဲနေတယ်ဆိုတာ ကျွန်တော်တို့ ရှိနေတုန်းပဲ။စီးပွားရေးလုပ်ငန်းက သိပ်မကောင်းဘူးဆိုတာတော့ လက်ရှိ ရင်ဆိုင်နေရတာပေါ့”လို့ သူက ဆိုပါတယ်။

လက်ရှိမှာတော့ စီးပွားရေးလုပ်ငန်းတွေဟာ စစ်တပ် အာဏာသိမ်ပြီးနောက် လုပ်ငန်းတွေ ရပ်နားလာရသလို တချို့လုပ်ငန်းတွေဆိုရင် အပြီးပိုင် ပိတ်သိမ်းလိုက်ရတဲ့ အခြေအနေထိ ဖြစ်ပေါ်နေတာပါ။

စီးပွားရေးလုပ်ငန်းတွေ ရပ်နားလာရတဲ့အတွက်ကြောင့် အလုပ်လက်မဲ့ ဖြစ်ပွားမှုနှုန်းကလည်း ဆထက်တိုး မြင့်တက်လာပါတယ်။

မွန်ပြည်နယ်ရဲ့ စီးပွားရေးကတော့ စစ်တပ် အာဏာသိမ်းပြီးနောက် ၄၀ ရာခိုင်နှုန်းထက်မနည်း ကျဆင်းခဲ့တယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေက ဆိုကြပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.