မော်လမြိုင် ၊ ဖေဖော်ဝါရီ (၁၉)

မွန်ပြည်နယ်မှာတော့ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ နှစ်ပတ်ကျော်ကာလအတွင်း ကိုဗစ်လူနာ ၁၀၀၀ နီးပါး တွေ့ရှိခဲ့ပြီး အဲဒီထဲမှာ ကိုဗစ်အတည်ပြုလူနာ တစ်ဦး သေဆုံးခဲ့တယ်လို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ရောဂါပိုး တွေ့ရှိမှုအရ မော်လမြိုင်၊ ချောင်းဆုံ၊ သံဖြူဇရပ်၊ သထုံနဲ့ ကျိုက်ထိုမြို့နယ်တွေမှာ အများဆုံး ကူးစက်ခံလိုက်ရတာ ဖြစ်ပြီး အဲဒီထဲမှာတော့ ကျောင်းသူ၊ကျောင်သားတွေ အများစု ပါဝင်နေတာ ဖြစ်ပါတယ်။

ရောဂါပိုး ကူးစက်ခံရတဲ့ စာသင်ကျောင်းတွေမှာလည်း ကိုဗစ်စည်းကမ်းချက်နဲ့အညီ ဆောင်ရွက်မှု အားနည်းနေတဲ့အတွက်ကြောင့် ရောဂါပိုး ကူးစက်မှုတွေ ပိုမို ဖြစ်ပွားလာနိုင်တယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူ တစ်ဦးက သုံးသပ်ပါတယ်။

“အခုကလည်း ရောဂါ နေမကောင်း၊ချောင်းဆိုး၊လည်ပင်းနာကနေ စတယ်ဆိုတော့လေ။(ကျောင်းမှာ) တစ်တန်းနဲ့ တစ်တန်းကလည်း အရင်တုန်းက (ကိုဗစ်ဖြစ်စ) ခြောက်ပေကွာပြီး နေတယ်။အခုဆိုရင်တော့ ခြောက်ပေလည်း မတွေ့ပါဘူး။ကျွန်တော်တို့ သွားတဲ့ကျောင်းတွေ မှန်သမျှ အကုန်လုံးက အရင်က (ကိုဗစ်မတိုင်ခင်) စနစ်အတိုင်းပဲပေါ့။အဲဒီအတိုင်းပဲဆိုတော့ ဒီထက်မက ရောဂါ ပိုပြီးကူးစက်နိုင်မယ်လို့ မြင်တယ်”လို့ သူက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ကိုဗစ်အရေး ကူညီနေသူတွေနဲ့ ဆရာဝန်တွေရဲ့အဆိုအရ ကိုဗစ်ရောဂါပိုး တွေ့ရှိမှုဟာ မြေပြင်မှာ စစ်ကောင်စီဘက်က ထုတ်ပြန်တဲ့စာရင်းထက် အများကြီး ပိုနိုင်တယ်လို့ ဆိုပါတယ်

စစ်ကောင်စီကတော့ ရောဂါပိုးတွေ့ရှိသူတွေကို သက်ဆိုင်ရာ ကျေးရွာ၊မြို့နယ်ရှိ ကွာရင်တင်းစင်တာသို့ ပို့ဆောင်ထားပြီး၊ ရောဂါအခံရှိသူ တချို့ကိုတော့သာ သက်ဆိုင်ရာ မြို့နယ်ပြည်သူ့ဆေးရုံတွေမှာ စောင့်ကြည့်ကုသပေးနေတာ ဖြစ်ပါတယ်။

စစ်ကောင်စီ ကျန်းမာ‌ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ မွန်ပြည်နယ်မှာ ကိုဗစ်တတိယလှိုင်းအတွင်း ကိုဗစ်လူနာ ၁၇၆၀၀ ကျော်အထိရှိနေပြီး သေဆုံးသူ ၁၄၀၀ ကျော်အထိ ရှိပါတယ်လို့ ဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.