မော်လမြိုင် ၊ ဖေဖော်ဝါရီ (၁၉)

စစ်ကောင်စီခန့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC က နိုင်ငံရေးပါတီတွေရဲ့ ရန်ပုံငွေ၊ငွေကြေးနဲ့ ပစ္စည်းစာရင်းတွေ စစ်ဆေးဖို့ ဆင့်ခေါ်မှုကို လက်မခံဘူးလို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ တာဝန်ရှိသူတွေက ပြောပါတယ်။

စစ်ကောင်စီ ကော်မရှင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD တို့အနေနဲ့ UEC ရန်ကုန်ရုံးခွဲမှာ ဖေဖော်ဝါရီ ၁၄ ရက်နေ့က‌နေ ၁၈ ရက်နေ့အတွင်း လာရောက် အစစ်ဆေးခံဖို့ အကြောင်းကြားထားတာပါ။

SNLD ပါတီ တွဲဖက်အတွင်းရေးမှူး-၁ စိုင်းကျော်ညွန့်ကတော့ စစ်ကောင်စီ ကော်မရှင်ရဲ့ ဆင့်ခေါ်မှုကို မသွားနိုင်ကြောင်းနဲ့ အခုကိစ္စအပေါ် တစ်စုံတစ်ရာ မှတ်ချက်မပေးလိုဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကလည်း အာဏာသိမ်းပြီး UEC ကိုအသစ်ဖွဲ့လိုက်တဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်ဟာ ဥပဒေနဲ့မညီတဲ့အတွက် စစ်ဆေးမှုကို လက်မခံဘူးလို့ ပါတီရဲ့ တာဝန်ရှိသူတစ်ဦးက ပြောဆိုထားပါတယ်။

မြန်မာနိုင်ငံမှာတော့ တရားဝင်မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီ ၉၀ ကျော်ရှိနေပြီး လက်ရှိမှာတော့ ပါတီ ၆၀ ကျော်ကို ငွေကြေးနဲ့ ပစ္စည်းစာရင်းတွေကို စစ်ဆေးထားပြီးလို့ စစ်ကောင်စီ UEC က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.