မော်လမြိုင် ၊ ဖေဖော်ဝါရီ (၁၉)

မွန်ပြည်နယ်အတွင်းက ကုန်တင်ကားတွေဟာ စက်သုံးဆီဈေးနှုန်း ဆက်တိုက် မြင့်တက်လာမှုနဲ့ အတူ တင်ပို့နေတဲ့ ကုန်ပစ္စည်း ရှားပါးလာတဲ့အတွက်ကြောင့် လုပ်ငန်းတွေ ရပ်နားလာကြတယ်လို့ ကုန်တင်ကားပိုင်ရှင်တွေက ပြောပါတယ်။

ကုန်ပစ္စည်းတင်ပို့ရာမှာ အဓိက အသုံးပြုနေရတဲ့ စက်သုံးဆီဈေးနှုန်းဟာ စစ်တပ် အာဏာသိမ်းတဲ့ တစ်နှစ်ကျော်ကာလအတွင်းမှာ တစ်လီတာကို ကျပ် ၁၉၀၀ နီးပါးထိ ဈေးနှုန်း မြင့်တက်လာပါတယ်။

တဖက်မှာတော့ ကုန်တင်ကားတွေဟာ တရုတ်နယ်စပ် ဂိတ်တွေ ပိတ်ထားတာကြောင့် ကုန်သည်တွေက ကုန်ပစ္စည်း ပို့ဆောင်တာ မရှိတော့တဲ့အတွက်ကြောင့် ကုန်ရရှိမှု ရှားပါးလာတဲ့ အခက်အခဲကို ရင်ဆိုင်နေရတာပါ။

အခုလို အခက်အခဲတွေကြောင့် ကုန်တင်ကားအများစု လုပ်ငန်း ရပ်နားလာကြတယ်လို့ ကုန်တင်ကား ပိုင်ရှင် တစ်ဦးက ပြောပါတယ်။

“ကုန်ကားတွေက ဆီဈေးတွေလည်း တက်တယ် ကုန်လည်း မရှိဘူး ကုန်ကားတွေလည်း ကိုက်လည်း မကိုက်ဘူး နားတဲ့ကားတွေနား ကုန်လည်း မရှိဘူး ကျွန်တော်တို့ အဲ့လိုဖြစ်နေတယ်၊ ကုန်စည် မရဘူးဆိုတာ ကုန်သည် တွေလည်း ရောင်းလို့ ဝယ်လို့ မကောင်းတော့ဘူး၊ အခုခေတ်ကတော့ ဘယ်လိုလဲဆို ဒီလောက် ဆီဈေးတွေ တအားတက်နေတော့ မကျန်တော့ဘူးပေါ့ သိပ်ပြီးတော့ ဘာမှ မကိုက်တော့ဘူး၊ ပြင်ဆင်စရိတ်နဲ့ ဒီလမ်းကြေး တံတားကြေးနဲ့ ဒီဆီဖို့နဲ့ ဆိုတော့ ရတဲ့ကုန်တော့ ကားခနဲ့က ဘယ်လိုမှ တွက်မရတော့ဘူး၊ မရပ်လို့မှ မရတာ မကိုက်မှ မကိုက်တော့တာ အိတ်ကပ်ထဲက စိုက်ပြီး လုပ်ရမယ့် အလုပ် ဘယ်သူမှ မလုပ်တော့ဘူးလေ၊ အခြေအနေ အချိန်အခါ ကြည့်ပြီးတော့ (၃)လ နားသင့် နားပေါ့ အဲ့လိုတွေ နားကြတာပေါ့နော်”လို့ ဆိုပါတယ်။

ဒါ့အပြင် ကုန်တင်ကားလုပ်ငန်းရှင်တွေဟာ စစ်တပ် အာဏသိမ်းပြီးနောက် ကားပြင်ရာမှာ အသုံးပြုတဲ့ ဆက်စပ် ပစ္စည်း ဈေးနှုန်း မြင့်တက်လာတဲ့ အခက်အခဲနဲ့ ကြုံတွေ့နေရသလို ကုန်ပစ္စည်း ပို့ဆောင်မှာလည်း ကုန်သည်တွေက တန်ဆာခ တိုးမပေးတာကြောင့် တွက်ခြေမကိုက်ကြလို့ လုပ်ငန်းတွေ ရပ်နားလာကြတာ ဖြစ်ပါတယ်။

ကုန်တင်ကားလုပ်ငန်းတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီး ကုန်တင်ကား ပိုင်ရှင် တစ်ဦးက အခုလိုပဲ ပြောပါတယ်။

“မူဆယ်မှာ တစ်လလောက် တက်သွားရင် ဘာပဲပြောပြော သိန်း (၄၀) (၅၀) (၆၀)လောက် ရတယ်၊ စရိတ်တွေ ဘာတွေ နှုတ်ပြီးလို့ရှိရင် ကိုယ့်အတွက် (၂၈) (၃၀)လောက် အဖက် တင်တယ်၊ မူဆယ်တစ်လကို (၂)ခေါက်လောက် ရရင်တောင် ကိုက်နေပြီး အကြမ်းဖျဉ်းပေါ့ အခုက မူဆယ်လည်း မရှိတော့ဘူး ဘာမှ မရှိတော့ဘူး၊ အခုက သူတို့တွေ ဘာမှ အလုပ်က မရှိကြတော့ဘူး၊ ဘာမှမလုပ်ဘဲ ဒီအတိုင်း ထိုင်ပြီးတော့ ကားတွေရှိတယ်ကွာ ကားတွေ အကုန်းလုံး ကုန်မရှိတဲ့ အခါကျတော့ ဒီအတိုင်း ထိုးပြီး ရပ်ထားကြတာ လူတွေအကုန်လုံး ဒုက္ခရောက်နေတာ”လို့ ဆိုပါတယ်။

မွန်ပြည်နယ်မှာတော့ ကုန်တင်ကား လုပ်ငန်း လုပ်ကိုင်သူ ရာနဲ့ချီ ရှိနေတာ ဖြစ်ပြီး၊ ပြည်နယ်အတွင်းက ကုန်ပစ္စည်းတွေကိုတော့ ရန်ကုန်၊ မန္တလေးနဲ့ တရုတ်နယ်စပ် ဂိတ်တွေ အပါအဝင် တိုင်းနဲ့ပြည်နယ်အသီးသီးကို ကုန်ပစ္စည်း တင်ပို့ပေးနေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.