မော်လမြိုင် ၊ ဖေဖော်ဝါရီ (၁၇)

လေးကေကော်ဒေသမှာ စစ်ကောင်စီနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်တို့အကြား တိုက်ပွဲတွေပြန်လည်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက် လေကြောင်းနဲ့တိုက်ခိုက်မှုတွေ ထပ်မံပြုလုပ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကေအဲန်ယူ ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေဖြစ်တဲ့ လေးကေကော်ဒေသထဲမှာရှိတဲ့ ဖလူးကျေးရွာမှာ မနေ့ကစပြီး နှစ်ဖက်တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့ပြီး မင်းလက်ပံနဲ့ ဖလူးမှာတိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေတာပါ။

ဖေဖော်ဝါရီ (၁၆)ရက်နေ့ ညနေ ၃ နာရီခွဲအချိန်ခန့်က မင်းလက်ပံနဲ့ ဖလူးကျေးရွာထဲကို စစ်ကောင်စီဘက်က လေယာဉ်နှစ်စီးနဲ့ လေကြောင်း တိုက်ခိုက်မှုတွေ လုပ်ဆောင်နေခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က ထုတ်ပြန်ပါတယ်။

ကျေးရွာတွေအပေါ် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးဒဏ်ရာရတဲ့ အခြေအနေ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

စစ်ကောင်စီဘက်က လေယာဉ်နှစ်စီးနဲ့ လာရောက်တိုက်ခိုက်မှုပြီးနောက် နောက်ထပ်လေယာဉ်နှစ်စီးလည်း ထပ်မံ ရောက်ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကတော့ မင်းလက်ပံကျေးရွာလမ်းကြောင်းကို ဒေသခံပြည်သူတွေအနေနဲ့ သွားလာတာတွေမပြုလုပ်ကြဖို့ သတိပေးထားပါတယ်။

လေးကေကော်ဒေသမှာ ၂ လအကြာ တိုက်ပွဲတွေ ငြိမ်သက်ခဲ့ပြီးနောက် တကျော့ပြန် တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွားလာတာပါ။

လက်ရှိမှာတော့ အဲဒီတိုက်ပွဲကြောင့် ဒေသခံပြည်သူတွေ ထပ်မံ ထွက်ပြေးတိမ်းရှောင်နေရတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.