မော်လမြိုင် ၊ ဖေဖော်ဝါရီ (၁၇)

မွန်လူမျိုးတွေရဲ့ ရည်မှန်းချက်အောင်မြင်နိုင်ဖို့အတွက် တိုင်းရင်းသားလူမျိုးစုတွေ အပါဝင် အာဏာရှင်ကို ဆန့်ကျင်နေတဲ့ ဒီမိုကရေစီအင်အားစုတွေနဲ့ ပူးပေါင်းပြီး မွန်တစ်မျိုးသားလုံး စည်းစည်းလုံးလုံးနဲ့ တိုက်ပွဲဝင်ကြဖို့ မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌနိုင်ဟံသာက တိုက်တွန်းလိုက်ပါတယ်။

ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာ ကျရောက်တဲ့ ၇၅ ကြိမ်မြောက် စိန်ရတု မွန်အမျိုးသားနေ့ အခမ်းအနားသို့ ပေးပို့တဲ့ သဝဏ်လွှာမှာ မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌ နိုင်ဟံသာက တိုက်တွန်းခဲ့တာပါ။

အာဏာသိမ်း စစ်တပ်ဟာ မဲလိမ်လည်မှု အကြောင်းပြချက်နဲ့ အာဏာသိမ်ပြီးနောက် သူတို့ကို ဆန့်ကျင်တဲ့ ပြည်သူတွေကို ရဲနဲ့စစ်တပ်က ရိုက်နှက်ပစ်ခတ်၊ ဖမ်းဆီးထောင်ချတာတွေ နဲ့ မြို့ရွာတွေကိုလည်း မီးရှို့တာတွေ လုပ်ဆောင်လာတဲ့ ကိစ္စရပ်တွေကို သဝဏ်လွှာမှာ ဖော်ပြပါရှိပါတယ်။

ဒါ့အပြင် အာဏာသိမ်းမှုကို လက်မခံတဲ့ ဗမာလူမျိုးတွေကလည်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ပေါင်းပြီး စစ်ပညာသင်ကြားကာ အာဏာသိမ်းစစ်တပ်ကို လက်နက်ကိုင်တိုက်ပွဲဝင်နေတယ် အကြောင်းတွေကိုလည်း သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

ဒါကြောင့် အခုနိုင်ငံရေး အခြေအနေတွေနဲ့အတူ မွန်လူမျိုးတွေရဲ့ ရည်မှန်းချက် အောင်မြင်ဖို့အတွက် မွန်တစ်မျိုးသားလုံး စည်းစည်းလုံးလုံးနဲ့ ကြိုးစားတိုက်ပွဲဝင်သွားကြဖို့ မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌ နိုင်ဟံသာက တိုက်တွန်းခဲ့ပါတယ်။

ဒီနှစ်မှာ ကျရောက်တဲ့ ၇၅ ကြိမ်မြောက် စိန်ရတု မွန်အမျိုးသားနေ့ကိုတော့ မွန်ပြည်သစ်ပါတီဗဟိုဌာနချုပ်အပြင် မွန်လူမျိူးတွေ နေထိုင်ရာ နေရာဒေသအသီးသီးမှာ ကျင်းပခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.