မော်လမြိုင် ၊ ဖေဖော်ဝါရီ (၁၆)

စစ်အာဏာရှင် တော်လှန်ရေး လူထုတိုက်ပွဲမှာ မွန်ပြည်သူတွေအနေနဲ့ တတ်နိုင်တဲ့ဘက်က ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြဖို့ မွန်ပြည်ကြားကာလပူးပေါင်းဆောင်ရွက်ရေး ကော်မတီ MSICC က တိုက်တွန်းလိုက်ပါတယ်။

ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာ ကျရောက်တဲ့ ၇၅ ကြိမ်မြောက် စိန်ရတု မွန်အမျိုးသားနေ့အပေါ် အခု တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။

မွန်လူမျိုးတွေလိုလားတဲ့ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်ဟာ စစ်အာဏာရှင် မပြုတ်ကျသရွှေ့ ရရှိနိုင်မှာ မဟုတ်တာကြောင့် ဒီတော်လှန်ရေးမှာ မွန်ပြည်သူတွေအနေနဲ့ တက်နိုင်တဲ့ဘက်က ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြဖို့ မွန်ပြည်ကြားကာလပူးပေါင်းဆောင်ရွက်ရေး ကော်မတီ MSICC တာဝန်ရှိသူ တစ်ဦးက အခုလို တိုက်တွန်းလိုက်ပါတယ်။

“ဘာဖြစ်လို့လဲဆိုတော့ စစ်အာဏာရှင်စနစ် မပြုတ်မကျသရွေ့ ကာလပတ်လုံး ကျွန်တော်တို့ရဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ပေါ့။မွန်တို့ကြမ္မာ မွန်ဖန်တီးခွင့် အခွင့်အရေးကိုရရှိနိုင်မှာ မဟုတ်တဲ့အတွက်ကြောင့် ဒီပွဲက စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်တဲ့ လူထုတိုက်ပွဲဖြစ်တဲ့အခါကျတော့ မွန်ပြည်သူလူထုအနေနဲ့လည်း ကိုယ်တတ်နိုင်တဲ့ ဘက်ကနေ ပါဝင်ပူးပေါင်းကြဖို့ မေတ္တာရပ်ခံ ချင်ပါတယ်။ တိုက်တွန်းချင်ပါတယ်”လို့ ဆိုပါတယ်။

ဒါ့အပြင် အခုအချိန်ဟာ မွန်ပြည်သူတွေလိုလားတဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံနိုင်ဖို့နဲ့ စစ်မှန်တဲ့ မွန်ပြည်ရရှိရေးအတွက် အားလုံး ဝိုင်းဝန်းကြိုးပမ်းဖို့ လိုအပ်နေတယ်လို့ ဆိုပါတယ်။

မွန်တော်လှန်ရေးနေ့ ဆောင်ပုဒ်အတိုင်း တော်လှန်မှ လွတ်လပ်မယ်ဆိုတဲ့ အတွက်ကြောင့် မွန်လူထုအနေနဲ့ တော်လှန်ရေးမှာ အားထုတ် ဆောင်ရွက်ကြဖို့ မွန်လူငယ်တစ်ဦးကလည်း အခုလို တိုက်တွန်းပါတယ်။

“မွန်တော်လှန်ရေးနေ့ ဆောင်ပုဒ်အတိုင်း တော်လှန်ရဲမှ လွတ်လပ်မည်။ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးနိုင်ဖို့အတွက် ကိုယ့်ကိုယ်ကို ဖန်တီးယူမှ ရမယ်။သူများကို အားကိုးနေလို့ မရဘူး။ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးဖို့အတွက် ကိုယ်တိုင်အားစိုက်ထုတ်မှပဲ ရမယ်။အဲဒါမှလည်း လူမျိုးက ကျွန်ဘဝကနေ လွတ်မယ်လို့ပဲ ပြောချင်တယ်”လို့ သူက ပြောပါတယ်။

၇၅ ကြိမ်မြောက် စိန်ရတု မွန်အမျိုးသားနေ့ဗဟိုအခမ်းအနားကို မွန်ပြည်နယ်၊‌မော်လမြိုင်မြို့က ရာမညရဌ ဗုဒ္ဓတက္ကသိုလ်မှာ ၃ ရက်တာ ကျင်းပသွားဖို့ စီစဉ်ထားတာပါ။

မွန်ပြည်သစ်ပါတီကတော့ မွန်အမျိးသားနေ့မှာ မွန်လူမျိုးတွေအနေနဲ့ ရုံးမသွား၊ အလုပ်မသွား၊ ကျောင်းမတက်ဘဲ ကိုယ်ကံကြမ္မာ ကိုယ်ဖန်တီးနိုင်ဖို့အတွက် မွန်အမျိုးသားနေ့ အခမ်းအနားကို ချီတက်ကြဖို့ တိုက်တွန်းထားပါတယ်။

ဒါ့အပြင် မွန်လူငယ်ဆုံရပ်အဖွဲ့ MYF ကလည်း မွန်အမျိုးသားနေ့မှာ မွန်လူမျိုးတစ်ရပ်အနေနဲ့ အလုပ်ရပ်နားတာ၊ ဆိုင်ပိတ်တာနဲ့ မိမိနေထိုင်ရာ အရပ်ဒေသမှာ မွန်အမျိုးသားအလံ လွှင့်ထူကြဖို့ တိုက်တွန်းထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.