ဆုန်ခလာ၊ ဖေဖော်ဝါရီ ၁၄

ထိုင်း-မလေးရှားနယ်စပ်ဂိတ်ကို ရှေ့လမှာ ပြန်လည်ဖွင့်လှစ်ရန် ထိုင်းအစိုးရမှ စီစဉ်နေပြီး ထိုင်းတောင်ပိုင်းဒေသရဲ့ ခရီးသွားလာမှုနှင့် စီးပွားရေးမြှင့်တင်မှုအတွက် ရည်ရွယ်တယ်လို့ ဆိုပါတယ်။

အစိုးရလက်ထောက်ပြောခွင့်ရ မစ္စရတ်ချဒါကတော့ ဝန်ကြီးချုပ်မှ ကိုဗစ်၁၉ ထိန်းချုပ်ရေးဗဟိုစင်တာသို့ ညွှန်ကြားချက်ပေးခဲ့ပြီဖြစ်ကြောင်းနှင့် ခရီးသွားလာရေးနှင့် အားကစားအရေးပေါ်ဆောင်ရွက်ရေးစင်တာသို့လည်း ထိုင်းတောင်ပိုင်းဒေသများဖြစ်သော ဆုန်ခလာ၊ ရာလာ၊ နရတ်ထီဝတ်နှင့် ဆာတွန်တွေမှာ စစ်ဆေးရေးဂိတ်တွေကို ဖွင့်လှစ်ဖို့အတွက် သတ်မှတ်ချက်ထားရှိဖို့လည်း ညွှန်ကြားခဲ့တယ်လို့ဆိုပါတယ်။

အစိုးရရဲ့ Test and Go အစီအစဉ်ဖြင့် မလေးရှားနိုင်ငံက ဧည့်သည်တွေအနေနဲ့ ကွာရန်တင်းဝင်စရာမလိုပဲ လာရောက်နိုင်မယ်လို့ဆိုပါတယ်။

မလေးရှားကလာမည့် ဧည့်သည်တွေအနေနဲ့ကတော့ ကိုဗစ် ၁၉ စစ်ဆေးချက် RT-PCR ကို စစ်ဆေးရမှာဖြစ်တယ်လို့ သိရပါတယ်။

ထိုင်းဝန်ကြီးချုပ်အနေနဲ့ ထိုင်းနိုင်ငံကို ယခင်လိုပဲ ကမ္ဘာ့ထိပ်တန်း ခရီးသွားလာနိုင်တဲ့ နိုင်ငံအဖြစ်ရောက်ရှိချင်တာပါ။ ဒီအတွက်လည်း ပြည်သူ့ကျန်းမာရေးနှင့် အခြားသော ဘေးကင်းစေရေးအတွက်အာရုံစိုက်နေသလို ကမ္ဘာလှည့်ခရီးသွားတွေအတွက်လည်း လိုအပ်တာ ပံ့ပိုးဖို့ လုပ်နေပါတယ်လို့ မစ္စရတ်ချဒါက ပြောပါတယ်။

ဖေဖော်ဝါရီလ ၁၂ ရက်နေ့အထိကတော့ ရောဂါပိုးကူးစက်ခံထားရသူ ၂၀၀၀၀ ဝန်းကျင်လောက် အသစ်ဖြစ်ပေါ်ခဲ့ပြီး နယ်စပ်ဂိတ်မဖွင့်ခင်မှာတော့ ကူးစက်ခံရသူပြန်လည်လျော့ကျလာဖို့အတွက် ပြည်သူ့ကျန်းမာရေးအေဂျင်စီက မျှော်မှန်းထားပါတယ်။

နယ်စပ်ဂိတ်တွေကို ပြန်လည်မဖွင့်ခင်မှာတော့ အစိုးရအေဂျင်စီတွေအနေနဲ့ ပြည်ဝင်ခွင့်လုပ်ငန်းစဉ်တွေ၊ စစ်ဆေးချက်တွေ၊ ဟိုတယ်နေထိုင်ရေးအပါအဝင် ကိုဗစ်ကင်းစင်တဲ့ နေရာထိုင်ခင်းပြင်ဆင်မှုတွေနည်းတူ အများပြည်သူသယ်ပို့ရေးယာဉ်တွေ၊ ခရီးသွားလာရေးနေရာတွေ၊ စားသောက်ဆိုင်တွေနဲ့ စတိုးဆိုင်တွေကိုလည်း ကြိုတင်ပြင်ဆင်ရမယ်လို့ ပြည်သူ့ကျန်းမာရေးဌာနကဆိုထားပါတယ်။

Ref: Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.