မော်လမြိုင်၊ ဖေဖော်ဝါရီ ၁၀

မွန်ပြည်နယ်အတွင်းက အခြေခံ ပညာကျောင်းတွေမှာ ကိုဗစ်ရောဂါပိုး အစုလိုက် အပြုံလိုက် တွေ့ပေမယ့် ကျောင်းမပိတ်တဲ့ အပေါ် စိုးရိမ်မှုတွေ ရှိနေတယ်လို့ ကျောင်းသားမိဘတွေက ပြောပါတယ်။

မွန်ပြည်နယ်အတွင်းက အခြေခံပညာကျောင်းတွေမှာ အခုရက်ပိုင်းအတွင်း ဆရာ၊ဆရာမတွေ အပါအဝင် ကျောင်းသူ၊ကျောင်းသားတွေမှာ ကိုဗစ်ရောဂါပိုး အစုံအလိုက် အပြုံအလိုက် တွေ့ရှိနေတာ ဖြစ်ပြီး အဲဒီထဲမှာ သံဖြူဇရပ်မြို့နယ်ရှိ ကျိုက်ခမီအထက်တန်းကျောင်းမှာ အယောက် ၅၀ ထိ ကိုဗစ်ပိုး ကူးစက်ခံလိုက်ရတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီက ကိုဗစ် ရောဂါပိုး ကူးစက်ခံရတဲ့ ကျောင်းသား၊ ကျောင်းသူတွေကိုသာ ကျောင်းတက်ရောက်ခွင့် မပြုပေမယ့် ကျန်ရှိတဲ့ ကျောင်းသား၊ ကျောင်းသူတွေကို ပုံမှန်အတိုင်း စာသင်ကြားနေတာကြောင့် ရောဂါပြန့်ပွားမှုနှုန်း မြင့်တက်လာမှာကို ကျောင်းသားမိဘတွေက စိုးရိမ်နေကြတာပါ။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး ကျောင်းသားမိဘ တစ်ဦးက အခုလိုပဲ ပြောပါတယ်။

“ကလေးတွေအတွက်လည်း စိုးရိမ်ရပါတယ်။ ကလေးတွေဆိုတာကလည်း သတ်မှတ်ချက်အတိုင်း နေချင်မှနေတယ်။ ကျောင်းထဲမှာရှိတဲ့ ဆရာမတွေကလည်း ဘယ်လောက်ထိ တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ ကလေးတွေကို Mask တပ်ဖို့၊ လက်ဆေးဖို့ ဘယ်လောက်ပြောနိုင်မှာလဲ။ တတိယလှိုင်းတုန်းကလည်း ကျွန်တော်တို့ ခံစားခဲ့ရတာပေါ့လေ။ ကိုဗစ်မပျံ့ခင်မှာ ကျောင်းပိတ်ထားလိုက်တာ အကောင်းဆုံးပါပဲလို့ ကျောင်းသားမိဘ တဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒါ့အပြင် အခြေခံပညာ ကျောင်းတွေမှာတော့ အသက်အရွယ် ကန့်သတ်ချက် အရ ကျောင်းသား၊ ကျောင်းသူ တချို့သာ ကိုဗစ်ကာကွယ်ဆေး ထိုးထားတာ ရှိပေမယ့် ကာကွယ်ဆေး မထိုးထားတဲ့ ကျောင်းသား ကျောင်းသူ အများအပြား ရှိတာကြောင့် ရောဂါပြင်ထန်ပြီး အသက်သေဆုံးတာတွေ ဖြစ်လာမှာကိုလည်း စိုးရိမ်နေကြတာပါ။

လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူ တစ်ဦးကတော့ ကိုဗစ်ရောဂါပိုး ပြန့်ပွားမှု မများခင်မှာ ကျောင်းတွေပိတ်ပြီး ထိန်းချုပ်ဖို့ လိုအပ်သလို တတိယလှိုင်းလို့ ရောဂါ ပြင်းထန်မှု ရှိလာရင် အခြေအနေ ပိုမိုဆိုးရွားလာနိုင်တယ်လို့ ပြောပါတယ်။

“လူတွေက မထိန်းကြဘူး။ သိပ်ပြီးတော့လည်း ဂရုမစိုက်ကြဘူး။ ခုဆိုလည်း ကျောင်းတွေဆို ပိတ်မှမပိတ်တာ။ ပိုပြီးတော့ များလာနိုင်ပါတယ်။ တယောက်ဖြစ်တာနဲ့ အကုန်လုံးက ဖြစ်လာတော့မှာပါပဲလို့ လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူ တဦးက ပြောပါတယ်။

အခြေခံ ပညာကျောင်းတွေမှာ ကိုဗစ်ရောဂါ ကာကွယ်ဖို့ အတွက် စနစ်တကျ လုပ်ဆောင်ထားတယ်လို့ စစ်ကောင်စီ လက်အောက်ခံ ပညာရေးဌာနက ပြောဆိုထားပေမယ့် လက်တွေ့မှာတော့ ကိုဗစ်ကာကွယ်ရေးအတွက် ပြင်ဆင်ထားတာ မရှိဘူးလို့ ဆိုပါတယ်။

မွန်ပြည်နယ်မှာတော့ စစ်ကောင်စီက မရမက ဖွင့်လှစ်ထားတဲ့ ပေါင်၊ချောင်းဆုံ၊မုဒုံ၊ရေးနဲ့ သံဖြူဇရပ်မြို့နယ်အတွင်းက အခြေခံပညာကျောင်းတွေမှာ ဆရာ၊ဆရာမအပါအဝင် ကျောင်းသူ၊ကျောင်းသား ရာနဲ့ချီပြီး ရောဂါပိုး ကူးစက်ခံထားရတာပါ။

သတင်း – သံလွင်တိုင်းမ်
ဓါတ်ပုံ – စေတနာရှင်လူမှုကယ်ဆယ်ရေးအသင်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.