သံဖြူဇရပ်၊ ဖေဖော်ဝါရီ ၉

အာဏာသိမ်း စစ်ကောင်စီရဲ့ သံဖြူဇရပ်မြို့နယ်၊ ဝဲကဝါကျေးရွာရှိ မိန်ဘလာတောင်က ဂျပန်ခေတ်လက်ကျန် ရတနာပစ္စည်းတူးဖော်မှု စီမံကိန်းဟာ အထောက်အထား တစ်စုံတစ်ရာ မတွေ့တာကြောင့် တူးဖော် ပိတ်သိမ်းလိုက်ပြီးလို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီဟာ ဂျပန်ခေတ်လက်ကျန် ရတနာပစ္စည်းတူးဖော်မှု စီမံကိန်းအတွက် ဥတ္တရမြေကုမ္ပဏီကို လုပ်ပိုင်ခွင့် ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

ဥတ္တရမြေကုမ္ပဏီဟာ ဂျပန်ခေတ်လက်ကျန် ရတနာပစ္စည်းတွေကို ရှာဖွေဖို့အတွက် မိန်ဘလာတောင် အနီးအနားက ရာဘာခြံ တစ်ဧကကို ဝယ်ယူပြီး တူးဖော်ရေး လုပ်ငန်းတွေ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

ကုမ္ပဏီဘက်ကတော့ အတွင်းအနက် ၆၂ ပေမှာ ဂျပန်ခေတ်လက်ကျန် ရတနာပစ္စည်းတွေ ရှိတယ်လို့ ဆိုထားပေမယ့် သတ်မှတ်နေရာ ရောက်တဲ့အထိ အထောက်အထား တစ်စုံတစ်ရာ မတွေ့ရှိခဲ့ပါဘူး။

အခုအခါမှာတော့ အထောက်အထား တစ်စုံတစ်ရာ မတွေ့တဲ့အတွက်ကြောင့် ကုမ္ပဏီဘက်က တူးဖော်ထားတဲ့ ကျင်းကြီးကို ပြန်ဖုံးနေပြီးလို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

မိန်ဘလာတောင်ရှိ ဂျပန်ခေတ် လက်ကျန်ရတနာ ပစ္စည်းတူးဖော်ခွင့်ကို NLDအစိုးရ လက်ထက်တုန်းက Royal Eagle Myanmar ကုမ္ပဏီကို တူးဖော်ခွင့်ပေးခဲ့ပြီး အထောက်အထား တစ်စုံတစ်ရာ မတွေ့တဲ့အတွက် ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလမှာ လုပ်ပိုင်ခွင့် ပြန်လည် ရပ်ဆိုင်းခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီ စီမံကိန်းရဲ့ ကျန်ရှိခဲ့တဲ့ မြေတွင်း ရေကန်တွေကြောင့် ၂၀၂၀ ဇွန်လအတွင်းမှာ ဒေသခံ အမျိုးသမီး တစ်ဦးနဲ့ ကလေးငယ် (၃)ဦး ရေနစ် သေဆုံးမှု ဖြစ်ခဲ့ဖူးပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.