မော်လမြိုင် ၊ ဇန်နဝါရီ (၂၈)

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ PR စနစ်ဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ ကိုက်ညီမှု မရှိဘူးလို့ ဥပဒေပညာရှင်တွေနဲ့ နိုင်ငံရေးပါတီတွေက ဝေဖန်လိုက်ပါတယ်။

အာဏာသိမ်း စစ်ကောင်စီရဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဟာ လာမယ့် ရွေးကောက်ပွဲမှာ အချိုးကျကိုယ်စားပြုစနစ်လို့ ခေါ်တဲ့ PR စနစ်ကျင့်သုံးဖို့ ဆက်တိုက် ကြိုးပမ်းလာတာပါ။

စစ်ကောင်စီ ကော်မရှင်ကတော့ PR စနစ်ကျင့်သုံးဖို့ နိုင်ငံရေးပါတီတချို့နဲ့ သဘောတူညီမှု ရရှိထားပြီးလို့ ဆိုပါတယ်။

ရွေးကောက်ပွဲမှာ PR စနစ်ကျင်သုံးဖို့ စစ်ကောင်စီ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ဆောင်ရွက်ချက်တွေဟာ ဥပဒေ ကျင့်ထုံး၊ကျင့်စဉ်တွေနဲ့ ကွဲလွဲနေသလို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့လည်း ကိုက်ညီမှု မရှိဘူးလို့ ဥပဒေပညာရှင် တစ်ဦးက ပြောပါတယ်။

“ရွေးကောက်ပွဲကော်မရှင်ကနေမှ ကမကထလုပ်ပြီး PR စနစ်ကို အသက်သွင်းဖို့ ကြိုးစားနေတာဟာ ဥပဒေကျင့်ထုံး၊ကျင့်စဉ်နဲ့ လွဲနေတာပေါ့။ဒါသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီသလားလို့ မေးရင် ကျွန်တော်တို့ ပြောဖို့ တောင် မလိုဘူး။ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးက မညီဘူးလို့ ယတိပြတ် ဆုံးဖြတ်ခဲ့ပြီးသား။အဲဒီ ဆုံးဖြတ်ချက်ကိုလည်း ထပ်ပြီးတော့ လွှမ်းမိုးနိုင်တဲ့ ဆုံးဖြတ်ချက်တစ်စုံတစ်ရာ ဒီနေ့အထိ မရှိသေးပါဘူး”လို့ သူက ပြောပါတယ်။

ဒါကြောင့် လာမယ့် ရွေးကောက်ပွဲမှာ စစ်ကောင်စီအနေနဲ့ PR စနစ်ကို မဖြစ်မနေ အသက်သွင်းမယ်ဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ အလိုအလျှောက် ပျက်ပြယ်သွားမယ်လို့ ဆိုပါတယ်။

ရွေးကောက်ပွဲမှာ PR စနစ် ပြောင်းလဲ ကျင့်သုံးဖို့အတွက် ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် ဦးသိန်းစိန် အစိုးရလက်ထက်တုန်းက အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ပါတီက ကိုယ်စားလှယ်ဖြစ်သူ ဒေါ်ခင်ဝိုင်းကြည်က အမျိုးသားလွှတ်တော်မှာ အဆိုတင်သွင်းခဲ့တာပါ။

အဲဒီအဆိုနဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲမှာ PR စနစ်ကျင့်သုံးမယ်ဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ မကိုက်ညီဘူးလို့ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးက ပြီးခဲ့တဲ့၂၀၁၆ ခုနှစ်ကတည်းက ဆုံးဖြတ် ချမှတ်ထားတာ ဖြစ်ပါတယ်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)ပါတီ အထွေထွေအတွင်းရေးမှူး စိုင်းလိတ်ကလည်း ရွေးကောက်ပွဲမှာ PR စနစ်ကျင့်သုံးမယ်ဆိုရင် စစ်ကောင်စီအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို သွေဖီနေတယ်လို့ ဝေဖန်လိုက်တာပါ။

“အခုစစ်ကောင်စီအနေနဲ့ PR စနစ်ကို ကျင့်သုံးမယ်ဆိုတော့ သူတို့ကိုယ်တိုင်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကိုးကားတယ်ဆိုပေမယ့်လို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ပြဌာန်းချက်ကို သူတို့ ကိုယ်တိုင်က (စကစ) ပြန်ပြီး သွေဖီနေတဲ့ သဘောလို့ မြင်ရပါတယ်”လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)ပါတီ အထွေထွေအတွင်းရေးမှူး စိုင်းလိတ်က ဆိုပါတယ်။

ဒါ့အပြင် နိုင်ငံတဝန်းမှာ စစ်ကောင်စီကို ခုခံတော်လှန်နေတဲ့အချိန်မှာ ရွေးကောက်ပွဲ ကျင်းပမယ်ဆိုတဲ့ ကိစ္စရပ်ဟာ မေးခွန်းထုတ်စရာဖြစ်နေတယ်လို့ ဆိုပါတယ်။

ရခိုင်အမျိုးသားပါတီ (ANP) ဥက္ကဌ ဦးသာထွန်းလှကလည်း ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်က ရွေးကောက်ပွဲ PR စနစ်ဟာ အနှစ်ရသာ ရှိမှာမဟုတ်ဘူးလို့ ပြောပါတယ်။

စစ်ကောင်စီ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကတော့ လာမယ့် ရွေးကောက်ပွဲမှာ PR စနစ်ကျင့်သုံးဖို့အတွက် ကြံ့ခိုင်ရေးပါတီ အပါအဝင် နိုင်ငံရေးပါတီတချို့နဲ့ ဆက်တိုက် တွေ့ဆုံနေတာပါ။

ဒါပေမယ့် အဲဒီတွေ့ဆုံပွဲတွေကိုတော့ ၂၀၂၀ ရွေးကောက်ပွဲမှာ နေရာအများစု အနိုင်ရရှိခဲ့တဲ့ တိုင်းရင်းသားအင်အားကြီးပါတီတွေဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) နဲ့ ရခိုင်အမျိုးသားပါတီ (ANP) တို့က ယနေ့အချိန်ထိ တက်ရောက်တာ မရှိသေးပါဘူး။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.