မော်လမြိုင် ၊ ဇန်နဝါရီ (၂၅)

မွန်ပြည်နယ်မှာတော့ ကိုဗစ်ကပ်ရောဂါနဲ့အတူ စစ်တပ် အာဏာသိမ်းပြီးနောက် နိုင်ငံရေး မတည်ငြိမ်တဲ့အတွက်ကြောင့် ဇာတ်သဘင်တွေ ရပ်နားထားရလို့ ဇာတ်သဘင်လောက ပျောက်ကွယ်မှာကို စိုးရိမ်နေရတယ်လို့ သဘင်ပညာသည်တွေက ပြောပါတယ်။

ဇာတ်သဘင်တွေဟာ ကိုဗစ်ကပ်ရောဂါနဲ့အတူ နိုင်ငံရေး မတည်ငြိမ်တဲ့အတွက်ကြောင့် ကပြခွင့် မရတာဟာ ၂နှစ်နီးပါး ရှိလာပြီး ဖြစ်ပါတယ်။

လက်ရှိမှာတော့ ဇာတ်သဘင်တွေ နားထားရတဲ့ အတွက်ကြောင့် ဇာတ်သဘင်သည်တွေ အနေနဲ့ ကြုံရာကျပမ်း အလုပ်တွေကို လုပ်ကိုင် နေရပြီး ဒီထက် နားရတဲ့ အချိန်ကြာမြင့်လာရင် ဇာတ်သဘင်လောက ပျောက်ကွယ် သွားနိုင်တယ်လို့ မွန်ပြည်နယ်သဘင် အစည်းအရုံး တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

“ကျွန်တော်တို့ ဇာတ်မှာလုပ်တဲ့ သူတွေက ဇာတ်နဲ့ပတ်သက်တာပဲ ကျွမ်းကျင်တာကို အပြင်အလုပ်ကလည်း လုပ်ရတာ သိပ်အဆင်မပြေတာတို့ ဖြစ်လာတယ်၊ တကယ်မို့ ထက်ပြီး အကြာကြီး ကြာသွားလို့ရှိရင် သဘင်လောက ပျောက်မှာပဲ ကြောက်ရတယ်၊ ဘယ်လိုပြောမလည်း သဘင်အလုပ်ဆိုတာက မြို့ရွာအေးချမ်းမှ ပွဲတော်တွေရှိမှ ကျွန်တော်တို့ ကလို့ရတာလေ နိုင်ငံတော် မအေးချမ်းဘူး၊ ပွဲတော်တွေ မရှိဘူးဆိုရင် ဘာမှကလို့မှ မရတာ အဲ့လိုမျိုးသာ ဆက်တိုက် နှစ်တွေအများကြီး ဖြစ်လာလို့ရှိရင် ပွဲတော်တွေ မဖြစ်လာရင် ပွဲတွေမသွင်းနိုင်ရင် ကျွန်တော်တို့ သဘင်လောက ပျောက်သွားမှာပေါ့”လို့ ဆိုပါတယ်။

ဇာတ်သဘင်တွေကို အခုနောက်ပိုင်းမှာ ကျေးရွာတချို့က ဌားရမ်းတာတွေ ရှိပေမယ့်လည်း စစ်ကောင်စီဘက်က လုံခြုံရေး အကြောင်းပြပြီး ပွဲပါမစ်မပေးတဲ့အတွက်ကြောင့် ကပြခွင့် မရနေတာ ဖြစ်ပါတယ်။

ဒါပေမယ့် စစ်ကောင်စီနဲ့ နီးစပ်တဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေက ပြုလုပ်တဲ့ လောင်းကစားဝိုင်းပွဲတွေမှာ ပွဲတချို့ အချိန်ပိုင်း ကပြခွင့် ရပေမယ့်လည်း အဆင်မပြေမှုတွေနဲ့ ကြုံတွေ့နေတာပါ။

မွန်ပြည်နယ်မှာတော့ ဇာတ်သတင်ပေါင်း ၄၂ ဇာတ်ရှိနေတာ ဖြစ်ပြီး၊ ဇာတ်သဘင် အားလုံးနီးပါး ရပ်နားထားရတဲ့အတွက်ကြောင့် သဘင်သည် ထောင်နဲ့ချီပြီး မိသားစု စားဝတ်နေရေး အခက်အခဲကို အကြီးအကျယ် ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.