ဘန်ကောက်၊ ဇန်နဝါရီ ၂၀

ထိုင်းနိုင်ငံ၏ Test and Go အစီအစဥ်ကို များမကြာမီ ပြန်လည်မိတ်ဆက်သွားမည်ဖြစ်ပြီး ထိုအစီအစဥ် အရ ပြည်ဝင်ခွင့် စည်းမျဥ်းအချို့ကို ပြောင်းလဲသတ်မှတ်ပြီး ဆိုက်ရောက်ခရီးသည်များ၏ ကျန်းမာရေးကို အနီးကပ် စောင့်ကြည့်ဖို့ ခွင့်ပြုပေးသွားမည်ဟု CCSA၏ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ အကြီးအကဲ ဗိုလ်ချုပ် ဆူပို့ချ်မှ ပြောကြားခဲ့သည်။ 

ထိုင်းနိုင်ငံအမျိုးသား လုံခြုံရေးကောင်စီ၏ အတွင်းရေးမှူးလည်းဖြစ်သော ဗိုလ်ချုပ် ဆူပို့ချ်က Test and Go စည်းမျဥ်းများကို တင်းကြပ်ဖို့ လိုအပ်ပါလိမ့်မည်ဟုလည်း ဖြည့်စွက်ပြောကြားခဲ့သည်။

CCSA သည် နိုင်ငံအတွင်းသို့ဝင်ရောက်ပြီး ပထမ ၇ ရက်အတွင်း  ပြည်ပမှ ဆိုက်ရောက်လာသည့်ခရီးသည်များ၏ ကျန်းမာရေးကို စောင့်ကြည့်နိုင်ဖို့ နည်းလမ်းများရှာဖွေနေလျှက်ရှိသည်။  

ထိုအစီအစဥ်ကို ပိုမိုတင်းကျပ်လာသော အခြေအနေအောက်တွင် ဆိုက်ရောက်ခရီးသည်များသည် ကနဦး ၇ ရက်အတွင်း RT-PCR စစ်ဆေးမှုကို နှစ်ကြိမ်တိုင်တိုင် ခံယူရမည်ဖြစ်ပြီး ပထမတစ်ကြိမ်ကို ထိုင်းနိုင်ငံသို့ ရောက်ရှိချိန်တွင် ဆောင်ရွက်မည်ဖြစ်ကာ ဒုတိယအကြိမ်ကို ၅ ရက် သို့မဟုတ် ၆ ရက်မြောက်နေ့တွင် ဆောင်ရွက်သွားမည်ဖြစ်သည်။ 

Test and Go အစီအစဥ်ကို ရပ်ဆိုင်းလိုက်သည့် အိုမီခရွန်မျိုးကွဲဗီဇ အရေးပေါ်ပျံ့ပွားခဲ့သည့် ယခုလအစောပိုင်း မတိုင်ခင်တွင် ပြည်ပခရီးသွားဧည့်သည်များသည် ဟော်တယ်တစ်ခု၌ တစ်ညသာ နေထိုင်ခဲ့ကြရသည်။

ယင်းတို့၏ ကိုဗစ် ၁၉ စစ်ဆေးချက်တွင် ရောဂါမရှိပါက တည်းခိုရာ ဟော်တယ်များမှ အသီးသီးထွက်ခွာ၍ အား လပ်ရက်များကို စတင်နိုင်သည်။

ဗိုလ်ချုပ် ဆူပို့ချ်၏ ဗုဒ္ဓဟူးနေ့ပြောကြားချက်အရ ဘုရင့်နိုင်ငံတော်အတွင်း ကပ်ဘေးအခြေအနေကို လေ့လာ ဆန်းစစ်ခဲ့ပြီး မကြာသေးမီကာလအတွင်း ရုတ်ချည်းမြင့်တက်ခဲ့သော နေ့စဥ်ကူးစက်မှုဖြစ်စဥ်များသည် ယခုအခါ ပြန်လည်ငြိမ်သက်လာခဲ့သည်ဟု သိရှိရသည်။ 

ထိုင်းနိုင်ငံ ကိုဗစ်ထိန်းချုပ်ရေးဗဟိုစင်တာအနေဖြင့် ကိုဗစ် ၁၉ ပျံ့နှံ့မှု ဒီဂရီ အပြောင်းအလဲများနှင့်အတူ နယ်ပယ် များကို အလိုက်သင့်ချိန်ညှိရန်အတွက် စဥ်းစားနေပြီး ပိုမိုကျယ်ပြန့်သော လှုပ်ရှားဆောင်ရွက်မှုအတွက် အချို့ သော ကန့်သတ်ချက်များကို ဖြေလျှော့သွားမည်ဖြစ်သည်။

ဝန်ကြီးချုပ် ပရရွတ် ချန်အိုချာက နိုင်ငံ့စီးပွားရေး ပြန်လည်ရှင်သန်လာရေးအတွက် အကူအညီဖြစ်စေမည့် လိုအပ် သော စီမံရေး အတိုင်းအတာများကို ပြင်ဆင်ဆောင်ရွက်ဖို့ တိုက်တွန်းထားခဲ့သည်။ 

ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန၏ ဗုဒ္ဓဟူးနေ့ အကြံပြုချက်တွင် ပြည်ပခရီးသွားဧည့်သည်များသည် ကိုဗစ် ၁၉ ကုသရေးဖြစ်စဥ်များအားလုံးအတွက် ခြုံငုံသော အလုံးစုံကျန်းမာရေးအာမခံများ ကိုင်ဆောင်ထားကြရန်ဟူ၍ ပါရှိသည်။

ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာ ကီအတ်တီဖွမ် ဝန်ဂရာဂျစ်က ဧည်သည့်များ အနေဖြင့် ကိုဗစ် ကုသမှုဆိုင်ရာ ပုံစံမျိုးစုံကို အပြည့်အဝခြုံငုံနိုင်ဖို့အတွက် သေချာမှုရှိအောင် ဆောင်ရွက်ရမှာပါ ဟု ပြောကြားခဲ့သည်။ 

တစိတ်တပိုင်းအာမခံ၏ ခြုံငုံမှုသည် အစိုးရအဖို့ ကျန်ရှိသော ဘေလ်စာရင်းကို ရှင်းလင်းပေးဆောင်ရန် တာဝန် ရှိစေသည်။ ထို့အတူ ထိုင်းနိုင်ငံ့ ရန်ပုံငွေမှ ဘတ် ၁၀၀ မီလီယမ် ကိုလည်း ထိုပေးချေမှုများအတွက် အသုံးပြုထားခဲ့သည်။

ဒေါက်တာ ကီအတ်တီဖွမ် က “ကျွန်ုပ်တို့အနေနဲ့ ဆက်ပြီး ထောက်ပံ့ပေးချေနိုင် တော့မှာ မဟုတ်ပါဘူး။ ဧည်သည့် များက ကုသမှုအားလုံးကို လွှမ်းခြုံတဲ့ အာမခံကို ဝယ်ယူတာမျိုး ဒါမှမဟုတ် ဒီရောက်မှပဲ နောက်ထပ်ကျန်းမာရေး အာမခံတွေ ဝယ်တာမျိုးကို လုပ်ဆောင်ရမှာပါ။ (ပြောင်းလဲသတ်မှတ်ထားတဲ့) အတိုင်းအတားများဟာ အစီအစဥ် ကို ပြန်လည်စတင်တာနဲ့ စပြီး အကျုံးဝင်မှာပါ”ဟု ပြောကြားခဲ့သည်။  

ဘာသာပြန် – အောင်မျိုးမြတ် 

Ref: Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.