ဂျာကတာ၊ ဇန်နဝါရီ ၁၉

အင်ဒိုနီးရှားအစိုးရသည် ဂျာကတာမြို့မှ ဘော်နီအိုကျွန်းပေါ်ရှိ နေရာတစ်ခုသို့ ပြောင်းရွှေ့နိုင်ရေး အတွက် ဥပဒေတစ်ရပ်ကို အောက်လွှတ်တော်မှ အတည်ပြုပေးခဲ့ပြီး ထိုနေရာကို အင်ဒိုနီးရှား၏ မြို့တော်သစ် နူဆန်တြာဟု ခေါ် တွင်သွားမည်ဟု သိရသည်။

နီကီအေးရှားသတင်းဌာနမှ မြင်တွေ့ရသော နောက်ဆုံးမူကြမ်းတွင် ဥပဒေသည် ကျွန်းဆွယ်နိုင်ငံတစ်ခု လုံးကို ရည်ညွှန်းရာတွင် ဘုံအသုံးပြုခေါ်ဝေါ်သော အင်ဒိုနီးရှားစကားလုံးဖြစ်သည့် နူဆန်တြာ အား သဘောတူရန် တောင်းဆိုထားခြင်းဖြစ်သည်။

အမျိုးသားဖွံ့ဖြိုးရေးနှင့်စီမံရေးဝန်ကြီး ဆူဟာဆို မိုနိုအာဖာက ထိုအမည်ကို သမ္မတ ဂျိုကို ဝီဒိုဒိုက အဆိုပြုခဲ့သည်ဟု ပြောကြားခဲ့သည်။ 

အင်ဒိုနီးရှားနိုင်ငံ၏ ဘဏ္ဍာရေးနှင့် စီးပွားရေး စင်တာအဖြစ် ကျန်ရှိနေမည့် ဂျာဗာကျွန်းပေါ်ရှိ လက်ရှိ မြို့တော် ဂျာကတာမှ အရှေ့မြောက် ကီလိုမီတာ ၂၀၀၀ ခန့်ရှိ ဘော်နီအို၊ အရှေ့ ကာလီမန်တန် ခရိုင်တွင် မြို့တော်အသစ်ဖြစ်ပေါ် ထွက်လာမည်။  

ဥပဒေ၏ စာပိုဒ်အရ အမျိုးသားအဆင့် မြို့တော်သစ်ဖွံ့ဖြိုးရေးအစိတ်အပိုင်းဖြစ်သည့် နူဆန်တြာ မြို့တော်အာဏာပိုင်၏ အကြီးအကဲကို နှစ်လအတွင်း ခန့်အပ်ရမည်ဖြစ်သည်။ ထိုအာဏာပိုင်အဖွဲ့သည် နှစ်ကုန်ပိုင်းတွင် စတင်လည်ပတ်မည်ဖြစ်ပြီး မြို့တော်ရွှေ့ပြောင်းရေးအတွက် လာမည့်နှစ်တွင် ကြိုတင် ပြင်ဆင်မှုများ လုပ်ဆောင်မည်။ 

နောက်ဆုံးဥပဒေမူကြမ်းတွင် မြို့တော်သစ်အတွက် ပြင်ဆင်မှု‌ရေးများ၊ ဖွံ့ဖြိုးရေးနှင့် ရွှေ့ပြောင်းခြင်းကို ၁၀ နှစ်တာ အမျိုးသား ဦးစားပေးအစီအစဥ်အဖြစ် ဆောင်ရွက်ရန်ပြဌာန်းထားသည်။ ၂၀၂၄ ခုနှစ်တွင် အပြီးတိုင်ရွှေ့ပြောင်းမည်ဟု အစောပိုင်းတွင် ဥပဒေ၌ ဖော်ပြထားသော စကားရပ်ကို ယခုအခါ ဖယ်ရှား ခဲ့ပြီးဖြစ်သည်။ 

ပြောင်းရွှေ့ခြင်းလုပ်ငန်းစတင်မည့် ၁၀ နှစ်တာအတွင်း နိုင်ငံခြားသံရုံးများ၊ နိုင်ငံတကာအဖွဲ့ အစည်းများ သည် အင်ဒိုနီးရှားအစိုးရမှ ပံ့ပိုးပေးထားသော မြို့သစ်၏ မြေနေရာများသို့  ရောက်ရှိနိုင်ရေးအတွက် အစိုးရအေဂျင်စီများနှင့်အတူ ပူပေါင်းဆောင်ရွက်ဖို့ မျှော်လင့်ထားကြောင်းဟု အဆိုပါ ဥပဒေတွင် ဖော်ပြထားသည်။  ‌

ဂျာကတာ၏ ဆိုးရွားသော ကားပိတ်မှု၊ ညစ်ညမ်းမှု၊ လူဦးရေသိပ်သည်းမှုနှင့် ကမ်းရိုးတန်းရေလွှမ်းမိုးမှု ပြဿနာများအပြင် ဂျာဗာနှင့် အဝေးတနေရာမှ စီးပွားရေးမောင်းနှင်အားတစ်ရပ်ပေါ်ထွက်လာရေး လိုအပ်ချက်စသည့်တို့ ကို ထောက်ချင့်၍  ဝီဒိုဒိုသည် သူ၏ ဒုတိယအကြိမ်သက်တမ်း ရုံးလုပ်ငန်းများကို တာဝန်ယူသည့် ၂၀၁၉ ခုနှစ် နှောင်းပိုင်းတွင် မြို့တော်ကို ရွှေ့ပြောင်းနိုင်ရေး အစီအမံများကို ကြေငြာခဲ့သည်။ 

ဘာသာပြန် – အောင်မျိုးမြတ် 

Ref: Nikkei Asia

ဓါတ်ပုံအညွှန်း – အင်ဒိုနီးရှားနိုင်ငံရဲ့ မြို့တော်သစ်တည်ဆောက်မည့်နေရာ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.