စင်ကာပူ၊ ဇန်နဝါရီ ၁၃

အိုမီခရွန် ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲက ဒယ်လ်တာဗီဇ ထက် ပြင်းထန်လက္ခဏာများကို မဖြစ်ပေါ် စေသော်လည်း ကာကွယ်ဆေးမထိုးနှံသေးသူများအတွက် အန္တရာယ် ရှိသော ဗိုင်းရပ်စ်အဖြစ် ဆက်လက်တည်ရှိနေသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ အကြီးအကဲမှ ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ပြောကြားခဲ့သည်။ 

သတင်းစာရှင်းလင်းပွဲတွင် အထွေထွေဒါရိုက်တာ တက်ဒရော့စ် အဒ်ဒမ်နွမ် ဂက်ဘရေးဆက်စ် က နိုင်ငံပေါင်း ၉၀ ကျော်သည် လူဦးရေစုစုပေါင်း၏ ၄၀ ရာခိုင်နှုန်းကို ကာကွယ်ဆေးထိုးနှံရန် ဟူသော ဦးတည်ချက်ကို ယခုအချိန်အထိတိုင် ပြည့်မီခြင်းမရှိသေးဘဲ အာဖရိကရှိ လူဦးရေ ၈၅ ရာခိုင်နှုန်းကျော်သည် ယခုအချိန်အထိ ကာကွယ်ဆေးကို တစ်ကြိမ်ခန့်ပင် ထိုးနှံထားခံရခြင်း မရှိသေးဟု ပြောကြားခဲ့သည်။

 “အထူးသဖြင့် တစ်ကမ္ဘာလုံးမှာရှိနေတဲ့ လူအတော်များများက ကာကွယ်ဆေးထိုးနှံဖို့ ကျန်ရှိနေ တုန်းမှာပဲ ကျွန်ုပ်တို့က ဒီဗိုင်းရပ်စ်ကို လွတ်လွတ်လပ်လပ် ပျံ့နှံ့သွားနိုင်တဲ့ အခြေအနေ ခွင့်မပြု သင့်ပါဘူး” ဟု အဆိုပါ ပုဂ္ဂိုလ်က ပြောကြားခဲ့သည်။  

အင်္ဂါနေ့က ထုတ်ပြန်ခဲ့သော အပတ်စဥ် ကူးစက်ရောဂါအစီရင်ခံမှုတွင် WHO က ကူးစက်မှုများ သည် သီတင်းပတ်အစောပိုင်းမှ ဇန်နဝါရီလ ၉ ရက်နေ့အထိ တစ်ပတ်အတွင်း ၅၅ ရာခိုင်နှုန်း သို့မဟုတ် ၁၅ မီလီယမ်အထိ မြင့်တက်လာခဲ့ပြီး  တစ်ပတ်အတွင်း ဖြစ်ပေါ်ကူးစက်မှု အမြင့်ဆုံး ရှိခဲ့သည် ဟု ပြောကြားခဲ့သည်။ 

 “ဤကြီးမားတဲ့ကူးစက်မှုတွေကို နိုင်ငံအားလုံးနီးပါးမှာ ဒယ်တာ ဗိုင်းရပ်စ်ကို အလျင်အမြန် အစားထိုး ဝင်ရောက်လာတဲ့ အိုမီခရွန်မျိုးကွဲက မောင်းနှင်ဖြစ်ပေါ်စေတာပါ”ဟူ၍ တက်ဒရော့စ် က ပြောကြားခဲ့သည်။ 

ထိုပုဂ္ဂိုလ်၏ ပြောကြားချက်တွင် ကမ္ဘာနှင့်အဝှမ်းမှာ ကိုဗစ် ၁၉ ကြောင့် ဆေးရုံတက် ကုသ နေရသည့် လူအများစုသည် ကာကွယ်ဆေးထိုးနှံထားရခြင်းမရှိသေးကြောင်း၊ ထိုကြောင့် ကူးစက်မှုကို မချုပ်ထိန်းထားနိုင်ပါက အိုမီခရွန်ထက်ကို ပိုမို ကူးစက်လွယ်သော၊ ပိုမို အသက် သေဆုံးစေလွယ်သော နောက်ထပ် မျိုးကွဲဗီဇတစ်ခု ပေါ်ထွက်လာနိုင်သည့်အထိ ကြီးမားသော ဘေးဖြစ်နိုင်ချေရှိကြောင်းဟူ ပါရှိသည်။ 

ဘာသာပြန် – အောင်မျိုးမြတ်

Ref: Channel News Asis/ Source: Reuters/ec

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.