မော်လမြိုင် ၊ ဇန်နဝါရီ (၉)

မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေး လှုပ်ရှားသူတွေဆီကနေ အကျဉ်းထောင် ဝန်ထမ်းတွေက ငွေကြေး အတင်းဓမ္မ တောင်းယူနေတယ်လို့ အကျဉ်းဦးစီးဌာနနဲ့ နီးစပ်သူတွေက ပြောပါတယ်။

အကျဉ်းထောင်တွေမှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးလှုပ်ရှားသူတွေကို အမိန့်မချ ရသေးဘဲ အလုပ်ကြမ်း ခိုင်းစေနေပြီး အလုပ်မလုပ်ချင်ရင် ငွေကြေးပေးဖို့ အတင်းဓမ္မ တောင်းယူနေတာ ဖြစ်ပါတယ်။

ငွေကြေးတောင်းခံရာမှာ အကျဉ်းဦးစီးဌာန ဝန်ထမ်းတွေက တိုက်ရိုက် တောင်းခံတာ မဟုတ်ဘဲ တန်းစီးတွေက တဆင့် တောင်းခံတာ ဖြစ်ပြီး တစ်ဦးကို အနည်းဆုံး ကျပ် ၃ သိန်းလောက် ပေးဆောင်ရတယ်လို့ အကျဉ်းဦးစီးဌာနနဲ့ နီးစပ်သူ တစ်ဦးက အခုလို ပြောပါတယ်။

“နိုင်ငံရေးမှုနဲ့ စွဲဆိုခံထားရ သူတွေကို အကျဉ်းဦးစီးက ပိုက်ဆံ တောင်းတာ၊ ဘယ်လို တောင်းလည်း ဆိုတော့ အချုပ်သမားတွေကို နှစ်ကြီးတန်းစီး သမားတွေက အုပ်ချုပ်ရတယ်၊ နှစ်ကြီးကျတဲ့ အကျဉ်းသားတွေက အုပ်ချုပ်ရတယ်၊ တန်းစီးလို့ သူတို့ခေါ်တာပေါ့ တန်းစီးတွေကတဆင့် တောင်းတယ်၊ တန်းစီးတွေက နိုင်ငံရေးမှုနဲ့ အချုပ်ခံထားရတဲ့ လူတွေကို အလုပ်မလုပ်စေချင်ရင် ဘယ်သူကို ဘယ်လောက် ပေးရမယ်၊ ဘယ်လောက်ပေး ဆိုပြီးတော့ ပုတ်ပြတ် သူတို့က တောင်းတာ တိုက်ရိုက်တော့ မတောင်းဘူး တန်စီးနှစ်ကြီး အကျဉ်းသားတွေ ကနေတဆင့် တောင်းတာ အဲ့လိုရှိတယ်၊ (၂)သိန်းတို့ (၃)သိန်းတို့ အဲ့လိုမျိုး တောင်းကြတယ်”လို့ ပြောပါတယ်။

ဒါ့အပြင် ငွေကြေး အတင်းဓမ္မတောင်းယူပြီးရင်လည်း အပြင်လူတွေကို အသိမပေးဖို့နဲ့ ငွေးကြေးပေးရကြောင်း ပြောဆိုတာတွေ လုပ်ရင် ခြိမ်းခြောက်တာတွေအပြင် အလုပ်ကြမ်းတွေကိုပါ ပိုမိုခိုင်းစေလာတယ်လို့ ဆိုပါတယ်။

အကျဉ်းထောင်က ပြန်လည် လွတ်မြောက်လာတဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒဖော်ထုတ်မှုမှာ ပါဝင်သူ တစ်ဦးကတော့ ပိုက်ဆံ မပေးနိုင်တဲ့ နိုင်ငံရေးလှုပ်ရှားသူတွေကို အကျဉ်းထောင်ဝန်ထမ်းတွေက နေမကောင်းရင်လည်း အလုပ်ကြမ်း စေခိုင်းတာတွေ ရှိတယ်လို့ ပြောပါတယ်။

ဒါ့အပြင် အကျဉ်းထောင် အာဏာပိုင်တွေဟာ ဖမ်းဆီးထားတဲ့ နိုင်ငံရေးလှုပ်ရှားသူတွေကို နှစ်ရှည်ပြစ်ဒဏ် ချမှတ်ခံထားရတဲ့ အကျဉ်းသားတွေနဲ့ ရောထားတာတွေကို လုပ်ဆောင်နေပါတယ်။

အကျဉ်းထောင်လက်စွဲမှာတော့ အချုပ်သားတွေနဲ့ အကျဉ်းသားတွေကို မရောနှာဘဲ သီးသန့်ခွဲထားရမယ်လို့ ပြဌာန်းထားပါတယ်။

မွန်ပြည်နယ်မှာတော့ စစ်တပ်က အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်တဲ့ နိုင်ငံရေး လှုပ်ရှားသူ (၅၀၀)ကျော်ကို ဖမ်းဆီးခဲ့ပြီးနောက် ၂၀၀ ကျော်ကိုတော့ အာဆီယံဖိအားကြောင့် ပြန်လွှတ်ပေးခဲ့ပါတယ်။

ကျန်ရှိသူ (၃၀၀)ကျော်ကတော့ မွန်ပြည်နယ်တဝှမ်းက အကျဥ်းထောင် ၊ အချုပ်ထောင်တွေမှာ အမှုရင်ဆိုင် နေရဆဲ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.