မော်လမြိုင် ၊ ဒီဇင်ဘာ (၃၀)

ကေအဲန်ယူ ထိန်းချုပ်နယ်မြေ အသီးသီးကို စစ်အင်အားတိုးချဲ့ပြီး ကျူးကျော်တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတဲ့ အာဏာသိမ်း စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးသွားဖို့ အစီအစဉ် မရှိသေးဘူးလို့ ကေအဲန်ယူ ထိပ်ပိုင်းခေါင်းဆောင်တွေက ပြောပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ KNU ထိန်းချုပ်နယ်မြေတွေ အပါအဝင် ငြိမ်းချမ်းရေးမြို့ လေးကေကော်ကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီးတွေနဲ့ အဆက်မပြတ် တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီဘက်က ကေအဲန်ယူနဲ့ တွေ့ဆုံဆွေးနွေးဖို့ ပြောနေပေမယ့် လက်တွေ့မှာတော့ သားပြည်သူတွေကို ဖမ်းဆီးတာ၊ ကျေးရွာတွေအပေါ် ဗုံးကြဲတိုက်ခိုက်တာတွေ နဲ့ ကေအဲန်ယူထိန်းချုပ်နယ်မြေတွေမှာ စစ်အင်အားတွေ ဝင်ရောက်ဖြည့်တင်းတာတွေ လုပ်ဆောင်နေခဲ့တာပါ။

ဒါကြောင့် အခုလို ပြသနာတွေကို ကြီးထွားအောင် ဆောင်ရွက်နေတဲ့ စစ်ကောင်စီတပ်အနေနဲ့ နိုင်ငံရေးပြသနာကို တကယ်ဆွေးနွေးချင်တယ်ဆိုရင် သူတို့အနေနဲ့ နိုင်ငံရေးဆန္ဒရှိမှုကို အရင်ဦးဆုံးပြရမှာဖြစ်တယ်လို့ ကေအဲန်ယူ တွဲဖက်အတွင်းရေးမှူး-၂ ပဒိုစောလှထွန်းက ပြောပါတယ်။

“ သူတို့ဘက်က တကယ်ဆွေးနွေးချင်တယ်ဆိုရင်တော့ စိတ်ရင်းမှန်နဲ့ နိုင်ငံရေး ဆန္ဒရှိမှုကို ပြရမှာပေါ့။ အခုက ပြည်သူတွေကို ဖမ်းဆီးတာတွေ ၊ ကျေးရွာတွေကို ပစ်ခတ် ဗုံးကျဲတာတွေကို လူသားမဆန်စွာ လုပ်နေတာ ။ ဒါကို လုပ်နေမယ်ဆို ဘာကိုဆွေးနွေးမှာလဲပေါ့။ ပြောစရာတော့ ဘာမှမရှိပါဘူး” လို့ ဆိုပါတယ်။

KUN တပ်မဟာ ၅ ပြောခွင့်ရ ပဒိုမန်းမန်းကတော့ စစ်ကောင်စီရဲ့ လုပ်ရပ်ဟာ အရင်နည်းဗျူဟာအတိုင်း တဖက်ကို အပစ်ရပ်ပြီး အခြားတဖက်ကို ထိုးစစ် ဆင်လာတဲ့အတွက်ကြောင့် အခုအခြေအနေဟာ တိုင်းရင်းသားလက်ကိုင်တွေနဲ့ PDF တွေ ပူးပေါင်းပြီး ဘုံရန်သူကို တိုက်ထုတ်ရမယ့် အချိန်ဖြစ်တယ်လို့ ပြောပါတယ်။
“ သူတို့ရဲ့ စစ်ရေးမဟာဗျူဟာက တဖက်ကို အပစ်ရပ်ပြီး တဖက်ကို ဖိတိုက်တာပဲ ။ အရင်တုန်းက ကရင်ကို အပစ်ရပ်ပြီး ကချင်ကို ဖိတိုက်တယ်။ ကချင်ကို အပစ်ရပ်ပြီး ကချင်ကို ဖိတိုက်တယ် စသဖြင့်ပေါ့ ။ စကစဘက်က စစ်မျက်နှာဖွင့်တာထက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နဲ့ နွေဦးတော်လှန်ရေးအဖွဲ့တွေက စစ်ရေးလှုပ်ရှားမှုကို အင်တိုက်အားတိုက် လုပ်ရမယ့်အချိန်လို့ ပြောလိုပါတယ်” လို့ KUN တပ်မဟာ ၅ ပြောခွင့်ရ ပဒိုမန်းမန်းက ဆိုပါတယ်။

ဒီဇင်ဘာ ၁၅ ရက်နေ့က စတင်ခဲ့တဲ့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA နဲ့ စစ်ကောင်စီတပ်တို့ရဲ့ လေးကေကော်တိုက်ပွဲဟာ အခုအခါမှာတော့ လဝက်ခန့်ရှိလာပြီး ဖြစ်ပါတယ်။

အဲဒီတိုက်ပွဲကြောင့် ဘေးလွတ်သို့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူ ၁၀၀၀၀ ကျော်ထိ ရှိလာပြီး အများစုက ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.