ဂျာကတာ၊ ဒီဇင်ဘာ ၂၈

အင်ဒိုနီးရှားနိုင်ငံ၊ မြောက်ဘက် ဆူမားထရား၊ မီဒန် ခရိုင်ဒေသန္တရတွင် ဒေသခံ အသက် ၃၇ နှစ်အရွယ် အမျိုးသားတစ်ဦးသည် ၎င်း၏ ဇနီးသည်နှင့်အတူ ဂျာကာတာမြို့သို့ ခရီးထွက်စဥ် ကူးစက်ပိုးဗီဇမျိုးကွဲ ကို စမ်းသပ်တွေ့ရှိခဲ့ပြီး ပထမဦးဆုံး အိုမီခရွန်ပြည်တွင်းကူးစက်မှုကို အတည်ပြုထားနိုင်ကြောင်း ထုတ် ပြန်ခဲ့သည်။  

ရောဂါလက္ခဏာပြသခြင်းမရှိသော ထိုပုဂ္ဂိုလ်အား နောက်ထပ်စစ်ဆေးမှုနှင့် စောင့်ကြည့်လေ့လာမှု ပြုလုပ်နိုင်ရန်အတွက် ဂျာကတာမြို့ မြောက်ဘက်ရှိ ဆူလီယန်တို ဆာရိုဆို (Sulianto Saroso) ကူးစက် ရောဂါများဆိုင်ရာတွင် ဆေးရုံတွင် ဆေးကုသမှုခံယူလျှက်ရှိသည်ဟု ကျန်းမာရေးဝန်ကြီးဌာန ကိုဗစ် ၁၉ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ဆီတီနာဒီယာ တာမီဇီမှ ပြောကြားခဲ့သည်။

ဒီဇင်ဘာလ ၁၉ ရက်နေ့က အာတီဂျင်အမြန်စစ်ဆေးမှုတွင် ရောဂါကူးစက်ခံထားရသည်ဟု အဖြေထွက် ပေါ်လာသော ထိုပုဂ္ဂိုလ်ကို ဒီဇင်ဘာ ၂၀ ရက်နေ့တွင်  PCR စစ်ဆေးမှုဖြင့်   ကူးစက်မှုအား ထပ်မံ အတည်ပြုနိုင်ခဲ့ပြီး မျိုးကွဲဗီဇနောက်ဆက်တွဲ စစ်ဆေးသည့် နည်းလမ်းဖြင့် အိုမီခရွန်ဖြစ် ကြောင်း  ဒီဇင်ဘာလ ၂၇ ရက်နေ့၌ အတည်ပြုနိုင်ခဲ့သည်။   

သူသည် ဂျာကတာ၏ စီးပွားရေးအချက်အချာကျသော ခရိုင်တစ်ခုအတွင်းရှိ နာမည်ကြီး ဈေးဝယ် စင်တာတစ်ခုအတွင်းသို့ သွားရောက်လည်ပတ်ခဲ့ပြီး ဂျာကတာမြို့ မြောက်ဘက် တိုက်ခန်းတစ်ခုတွင် တည်းခိုခဲ့သည်။

“PCR စစ်ဆေးမှုနဲ့ ရောဂါပိုးရှိကြောင်း အတည်မပြုနိုင်ခင်မှာ သူက အတော်လေး သွားလာလည်ပတ် ခဲ့တယ်။ ကျွန်ုပ်တို့က ဒီဇင်ဘာလ ၂၀ ကနေ လွန်ခဲ့တဲ့ ၁၄ ရက်အတွင်းလောက်ကို Contact Tracing လိုက်နေတာရှိတယ်။ သူ လည်ပတ်ခဲ့တဲ့ စားသောက်ဆိုင်တွေ၊ တည်းခိုခဲ့တဲ့ တိုက်ခန်းတွေက လူတွေကို စမ်းသပ်စစ်ဆေးသွားမှာပါ”ဟု ဒေါက်တာ နာဒီယာက ပြောကြားခဲ့သည်။  

နောက်ဆုံးကောက်ခံရရှိသော အချက်အလက်များအရ အင်ဒိုနီးရှားနိုင်ငံသည် အိုမီခရွန်ကူးစက်မှုဖြစ်စဥ် ၄၇ ဦးထိရှိသည်ဟု အတည်ပြုထားနိုင်ခဲ့ပြီး ယခုဖြစ်စဥ်သည် ပထမဦးဆုံး ပြည်တွင်းကူးစက်မှု ဖြစ်သည်။ 

ယခုကူးစက်ခံထားရသော လူပုဂ္ဂိုလ်သည် ပြည်ပခရီးသွားရာဇဝင်မရှိသလို နိုင်ငံရပ်ခြားမှ ပြန်လာသူ မည်သူတစ်ဦးတစ်ယောက်နဲ့မျှ ထိတွေ့ထားခြင်းလည်း မရှိပေ။

ဒေါက်တာ နာဒီယာ၏ ပြောကြားချက်အရ သူသည် တည်းခိုနေထိုင်ရာ တိုက်ခန်းကနေ ရွှေ့ပြောင်းခံခဲ့ရ ခြင်းကို အစောပိုင်းက ငြင်းဆိုခဲ့သည်ဟု သိရသည်။

မီဒန်ဒေသခံသည် သူ၏ ရောဂါပိုး ကူးစက်ခံထားရခြင်းမရှိသော သူ၏ ဇနီးသည်နှင့်အတူ ဂျာကတာသို့ မကြာခဏ ခရီးထွက်လေ့ရှိပြီး ဒီဇင်ဘာလ ၆ ရက်နေ့ကတည်းက ထိုမြို့သို့ ရောက်ရှိနေခဲ့ခြင်း ဖြစ်သည်။  

ဒေါက်တာ နာဒီယာက “ပထမဦးဆုံးပြည်တွင်း ကူးစက်မှုဖြစ်စဥ်က ပြည်တွင်းခရီးသွားများအတွက် တင်းကျပ်တဲ့ စည်းမျဥ်းစည်းကမ်းတွေ ချမှတ်ဖို့ ကျွန်မတို့ကို တိုက်တွန်းလိုက်သလိုပါပဲ၊ ဘာကြောင့်လဲ ဆိုတော့ သွားလာလှုပ်ရှားမှုတွေက အထူးသဖြင့် နှစ်ကုန်နားရက်က ဆက်လာဦးမှာဆိုတော့ ကူးစက်မှု က မြင့်တက်လာဖို့ ဖြစ်နိုင်ချေရှိပါတယ်”

“နည်းလမ်းမျိုးစုံကို အသုံးပြုပြီး ခရီးထွက်ကြမယ့် ခရီးသွားများကို ကာကွယ်ဆေး အပြည့်အဝ ထိုးနှံထား ပြီးဖြစ်ဖို့ ကျွန်မတို့ သေချာအောင်ဆောင်ရွက်ထားရမယ်၊ ပြီးတော့ ခရီးကို စတင်မထွက်ခွာ ခင်မှာ အာတီဂျင်နဲ့ ရောဂါမရှိကြောင်းကို စစ်ဆေးထားနိုင်တာမျိုးတော့ အနည်းဆုံးအဆင့် ဆောင်ရွက် ထားဖို့ ဖြစ်ပါတယ်” ဟု ဒေါက်တာ နာဒီယာက ပြောကြားခဲ့သည်။ 

ဘာသာပြန် – အောင်မျိုးမြတ် 

Ref: The Straits Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.