မော်လမြိုင် ၊ ဒီဇင်ဘာ (၂၁)

အာဏာသိမ်း စစ်ကောင်စီရဲ့ မွန်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဟာ အခုဘဏ္ဍာရေးနှစ်မှာ မွန်တိုင်းရင်းသားရေးရာ ကိစ္စတွေ ဆောင်ရွက်ဖို့အတွက် ငွေကျပ် သိန်း ၅၀၀ ထောက်ပံ့ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ထောက်ပံ့ငွေဟာ မွန်ပြည်နယ်အတွင်းက မွန် ၊ ဗမာ ၊ ကရင် ၊ ပအိုဝ်း တိုင်းရင်းသားရေးရာ ကိစ္စတွေ ဆောင်ရွက်ဖို့အတွက် အစိုးရရဲ့ နှစ်စဥ်ထောက်ပံ့ပေးနေကြ ရန်ပုံငွေ ဖြစ်ပါတယ်။

အဲဒီထောက်ပံ့ငွေကို မွန်တိုင်းရင်းသားတွေရဲ့ (၇၅)ကြိမ်
​မြောက် မွန်အမျိုးသားနေ့ ၊ မွန်လူငယ်နေ့ ၊ မွန်ဒေသလုံးဆိုင်ရာ စာပေယဉ်ကျေးမှု အပါအဝင် မွန်ယဉ်ကျေးမှု သင်တန်းတွေမှာ အသုံးပြုဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

မွန်လူငယ်တွေကတော့ တစ်နိုင်ငံလုံး စစ်ကောင်စီကို ဆန့်ကျင်ရမယ့် အချိန်မှာ အခုလို ထောက်ပံ့ငွေယူပြီး မွန်ရေးရာကိစ္စတွေ ဆောင်ရွက်မယ့်အပေါ် လက်ခံနိုင်စရာ မရှိဘူးလိူ့ အခုလို ပြောပါတယ်။

“အခုဆိုရင် အကုန်လုံးတစ်နိုင်ငံလုံး န-စ-က ကို ဆန့်ကျင်ရမယ့်အချိန်။အခု ဒီလိုလက်ခံလိုက်တာက တစ်မျိုးအားဖြင့် န-စ-က ကို အသိအမှတ်ပြုရာရောက်တယ်လို့ ကျွန်တော်မြင်တယ်။အဲဒါကြောင့်မို့ ဒီလိုလက်ခံတာဟာ လုံဝမဖြစ်သင့်ဘူး။ပြီးတော့ COVID-19 ဖြစ်နေတဲ့အချိန်မျိုးမှာ ပွဲလမ်းသဘင်တို့၊ဘာတို့ ဘာမှကျင်းပလို့ မရဘူး။မဖြစ်သင့်ဘူး။အဲဒါကြောင့်မို့လို့ ကျင်းပစရာမလိုအပ်တဲ့အခြေအနေမျိုးမှာ ပိုက်ဆံတွေသုံးပြီးတော့ ဒီလိုပွဲတွေ လုပ်တာ အဲဒီကနေအစ မှားနေတာ။အဲဒါကို လုံဝလက်မခံနိုင်ဘူး”ဆိုပါတယ်။

စစ်ကောင်စီက ထောက်ပံ့တဲ့ ငွေကျပ်သိန်း ၅၀၀ ကိုတော့ မွန်လူငယ်နေ့အတွက် ငွေကျပ်သိန်း ၄၀ ၊ မွန်ယဉ်ကျေးမှု သင်တန်းအတွက် ငွေကျပ်သိန်း ၆၀ ၊ (၇၅)ကြိမ်
​မြောက် မွန်အမျိုးသားနေ့နဲ့ မွန်ဒေသလုံးဆိုင်ရာ စာပေယဉ်ကျေးမှုအတွက် ငွေကျပ်သိန်း ၂၀၀ စီခွဲဝေ အသုံးပြုသွားဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

တဖက်မှာလည်း စစ်ကောင်စီကြောင့် ပြည်သူတွေ မတရားဖမ်းဆီး သတ်ဖြတ်ခံရတာတွေနဲ့ အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်ဒုက္ခသည် အရေအတွက်တွေ နေ့စဉ်နဲ့အမျှ တိုးလာနေချိန်မှာ အခုလို စစ်ကောင်စီထံက ထောက်ပံ့ငွေယူတဲ့အပေါ် ကန့်ကွက်တယ်လို့ မွန်လူငယ် တစ်ဦးက ပြောပါတယ်။

“ ဒီအချိန်မှာ အခမ်းအနားတွေ၊ပျော်ပွဲရွှင်ပွဲတွေ၊ အထူးသဖြင့် စစ်တပ်နဲ့ ပူးပေါင်းပြီးတော့ သူတို့ဆီက ထောက်ပံ့ငွေကိုယူပြီးတော့ ပွဲတွေလုပ်တာကို အစ်မအနေနဲ့ ကန့်ကွက်တယ်။တစ်နိုင်ငံလုံးက တိုင်းရင်းသားလူငယ်တွေကလည်း စစ်အာဏာရှင်ကို နည်းမျိုးစုံနဲ့ တော်လှန်နေကြတယ်။အဲဒီမှာ မွန်လူငယ်တွေလည်း ပါတယ်။အကြမ်းဖက်စစ်တပ်ကလည်း လူငယ်တွေကို ညှင်းပမ်းနှိပ်စက်တာတွေ၊ဖမ်းဆီးတာတွေအများကြီးရှိတယ်။ဒါကို သူတို့နဲ့ပေါင်းပြီးတော့ မွန်လူငယ်နေ့ အခမ်းအနားတွေ ကျင်းပမယ်ဆိုတာက တော်တော်အဓိပ္ပာယ်မရှိတဲ့ လုပ်ရပ်ပဲလို့မြင်ပါတယ်”လို့ ဆိုပါတယ်။

စစ်ကောင်စီက ထောက်ပံ့တဲ့ ရန်ပုံငွေဟာ ပြီးခဲ့တဲ့ NLD အစိုးရလက်ထက်တုန်းက မွန်၊ ဗမာ၊ ပအိုဝ်းနဲ့ ကရင် တိုင်းရင်းသားတွေကို တိုင်းရင်းသားအရေးအရာ ကိစ္စတွေ ဆောင်ရွက်ဖို့ ငွေကျပ် သိန်း ၁၀၀၀ စီ ထောက်ပံ့ခဲ့တဲ့ ဘတ်ဂျက် တစ်ခု ဖြစ်ပါတယ်။

ဒါပေမယ့် စစ်တပ် အာဏာသိမ်းပြီးနောက်မှာတော့ တိုင်းရင်းသားတွေဟာ ထောက်ပံ့ငွေ ကျပ် သိန်း ၅၀၀ သာ ရကြတော့တာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.