မော်လမြိုင်၊ ဒီဇင်ဘာ ၁၇

ကေအဲန်ယူ-သထုံခရိုင်၊ သထုံမြို့နယ်ထဲမှာ မနက် ၆ နာရီမှ ညနေ ၆ နာရီ အထိသာ သွားလာရန်အပါအဝင် အချက် ၄ ချက်ကို ဒီဇင်ဘာလ ၁၅ ရက်နေ့က KNLA တပ်မဟာ(၁) သထုံမြို့နယ် အလုပ်အမှုဆောင်ကော်မတီမှ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ KNLA တပ်မဟာ(၁)နယ်မြေအတွင်းကို ဒေသခံ ပြည်သူတွေနဲ့အတူ ရောနှောသွားလာနေပြီး တပ်လှုပ်ရှားမှုတွေ လုပ်နေတာကြောင့် ပစ်ခတ်မှုဖြစ်ပွားလာချိန်မှာ ပြည်သူတွေ ထိခိုက်မှုမရှိအောင် အမိန့်ထုတ်ပြန်ရတာဖြစ်တယ်လို့ KNLA တပ်မဟာ(၁)ထံက သိရပါတယ်။

“ခုချိန်မှာ စစ်ကောင်စီအဖွဲ့တွေက အရောင်အမျိုးမျိုးနဲ့သွားလာနေလို့ ပစ်ခတ်မှုဖြစ်လာရင် ဒေသခံတွေ ထိခိုက်မှုမရှိအောင်ထုတ်ပြန်တယ်လို့ ယူဆတယ်။ ပြည်သူတွေကတော့ ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေကို လိုက်နာဖို့လိုတယ်။ ဒီအချိန်မှာက စစ်ပူနေတဲ့အချိန်ဆိုတော့ ဘယ်အချိန်ဘာဖြစ်လာမလဲ မသိနိုင်လို့ သတ်မှတ်ထုတ်ပြန်ချက်တွေကို လိုက်နာပေးဖို့လိုပါတယ်။ တကယ်လို့ သတ်မှတ်ချက်တွေကို မလိုက်နာခဲ့လို့ တစ်စုံတစ်ခုဖြစ်လာတာမျိုးကို မလိုချင်ပါဘူး။ လိုက်နာပေးစေချင်ပါတယ်”လို့ KNLA တပ်မဟာ(၁)သထုံခရိုင်အတွင်းရေးမှူး ပဒိုစောစိုးမြင့်က သံလွင်တိုင်းမ်ကိုပြောပါတယ်။

ကေအဲန်ယူ-သထုံခရိုင် သထုံမြို့နယ်ထဲက KNLA တပ်မဟာ(၁)ထိန်းချုပ်နယ်မြေထဲက ဒေသခံပြည်သူတွေအနေနဲ့ ခရီးသွားလာခွင့်ကို မနက်(၆)နာရီကနေ ညနေ ၆ နာရီအတွင်းသာ သွားလာဖို့နဲ့ ကန့်သတ်အချိန် ကျော်လွန်ပြီး သွားလာခြင်းမပြုကြဖို့၊ KNLA တပ်ရင်း(၂)နယ်မြေအတွင်း မော်တော်ယာဉ်အသုံးပြု သွားလာပါက ကားမှန်ချ မောင်းနှင်ဖို့ ထုတ်ပြန်ထားပါတယ်။

ဒါအပြင် မော်တော်ကား၊ ဆိုင်ကယ်တွေနဲ့ ခရီးသွားလာရာမှာ KNLA ဘက်က တာဝန်အရ စစ်ဆေးပါက ကြည်ဖြူ စွာလက်ခံပေးဖို့နဲ့ပြည်သူတွေ အရေးပေါ်ကိစ္စပေါ်ပေါက်လာပါက သက်ဆိုင်ရာတာဝန်ရှိ ပုဂ္ဂျိလ်တွေထံ ဆက်သွယ်အကြောင်းကြားဖို့ ထုတ်ပြန်ချက်ကို မလိုက်နာသူတွေက ဖြစ်လာတဲ့ ပြသနာတွေကို တာဝန်မယူဘူးလို့ ထုတ်ပြန်ထားပါတယ်။

ကေအဲန်ယူ သထုံနယ်မြေအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ယခုရက်ပိုင်းအတွင်း တပ်လှုပ်ရှားမှုတွေ ပိုမိုလုပ်ဆောင်နေတယ်လို့ သိရပါတယ်။

KNAL တပ်မဟာ(၁)၊ တပ်ရင်း(၂)ထိန်းချုပ်နယ်မြေဖြစ်တဲ့ သထုံမြို့နယ်ထဲမှာ စစ်ကောင်စီနဲ့KNLA တပ်ဖွဲ့တွေ မကြာခဏ တိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.