မော်လမြိုင် ၊ ဒီဇင်ဘာ (၁၇)

ကရင်ပြည်နယ်၊ မြဝတီမြို့အနီးရှိ လေးကေကော်မြို့သစ်တိုက်ပွဲကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူအတွက် စားနပ်ရိက္ခာနဲ့ အနွေးထည်တွေ အရေးပေါ် လိုအပ်နေတယ်လို့ စစ်ရှောင်အရေး ကူညီနေသူတွေက ပြောပါတယ်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေကြောင့် လေးကေကော်မြို့သစ် နေထိုင်သူတွေအပါအဝင် မြို့အနီးကျေရွာတွေ ဖြစ်တဲ့ မဲ့ထော်သလေး၊ မင်းလက်ပံ၊ ဖလူးကြီး၊ ဖလူးလေး၊ ပဟိကလော် စတဲ့ ကျေးရွာတွေက ပြည်သူတွေဟာ နီးစပ်ရာ တောတောင်တွေနဲ့ ဘာသာရေးအဆောက်အဦးတွေဆီ လာရောက် တိမ်းရှောင်နေရတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ထွက်ပြေးတိမ်ရှောင်လာတဲ့ ပြည်သူတွေအတွက် သောက်ရေ၊ စားနပ်ရိက္ခာ အပါအဝင် စောင်၊ အနွေးထည်တွေကအစ လိုအပ်ချက်တွေ ရှိနေတယ်လို့ ကရင်နှစ်ခြင်း ခရစ်ယာန်အသင်းတော် တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

“ အစားအသောက်၊ ရေသန့်တွေကအစ အကုန်လုံးအခက်အခဲရှိတာပေါ့။ ဒီမှာဘာမှမရှိဘူး နေပူကျဲတဲထဲမှာ ဘုရားကျောင်းက ကြီးကြီးမားမားမဟုတ်တာ တော်ရုံတန်ရုံပဲကို။ အဓိက အခုကလည်း ဆောင်းတွင်းလည်းဖြစ်တာဆိုတော့ အနွေးထည်တို့စောင်တို့ အစစအရာရာလိုတာပေါ့။ တချို့တွေက နှင်းတောထဲမှာပဲ အိပ်နေရတယ် အမိုးအကာတွေမရှိဘူး” လို့ ဆိုပါတယ်။

မနေ့ကစပြီး ဖြစ်ပွားခဲ့တဲ့ KNLA နဲ့ စစ်ကောင်စီတပ်တို့ရဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူ ၁၀၀၀၀ နီးပါးထိ ရှိလာခဲ့ပြီး၊ အဲဒီထဲက စစ်ရှောင်တချို့က သောင်းရင်းမြစ်ကို ဖြတ်ပြီး ထိုင်းနိုင်ငံဘက်ကို ထွက်ပြေး တိမ်းရှောင်လာကြပါတယ်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ စစ်ကောင်စီတပ်တို့ဟာ ဒီကနေ့ ဒီဇင်ဘာ ၁၆ ရက်နေ့မှာလည်း တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပြီး၊ ပြည်သူတွေအနေနဲ့ ဘေးလွတ်ရာသို့ ပြောင်းရွှေ့ကြဖို့ KNU က သတိပေးထားပါတယ်။

လေးကေကော်တိုက်ပွဲဟာ ကေအဲန်ယူထိန်းချုပ်နယ်မြေဖြစ်တဲ့ လေးကေကော်မြို့သစ်ထဲက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ၊ CDM ဝန်ထမ်းတွေနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို စစ်ကောင်စီတပ်က ဝင်ရောက်ရှာဖွေ ဖမ်းဆီးရာကစပြီး နှစ်ဖက် တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.