ဘန်ကောက်၊ ဒီဇင်ဘာ ၆

ထိုင်းနိုင်ငံ ကိုဗစ်ထိန်းချုပ်ရေးဗဟိုစင်တာ (CCSA) မှ တောင်ပိုင်းဒေသ ကိုဗစ် ၁၉ အခြေအနေ များနှင့်စပ်လျဥ်းသည့် အမိန့်ညွှန်ကြားချက်အရ ‌တောင်ပိုင်းဒေသ ပါလီမန်အမတ်များ အဆိုပြု ထားသည့် ထိုင်း-မလေးနယ်စပ်ပြန်လည်ဖွင့်လှစ်ရေးကို ယခုသီတင်းပတ်အတွင်း စဥ်းစားသွား မည်ဟု သိရှိရသည်။

CCSA ၏ လက်ထောက်ပြောရေးဆိုခွင့်ရှိသူ Rachada Dhnadirek က CCSA အနေဖြင့် မကြာသေးမီက ထိုတင်ပြချက်ကို မူအားဖြင့် သဘောတူထားပြီး အသေးစိတ် လေ့လာနိုင်ရန် အတွက်လည်း ညွှန်ကြားထားပြီး ဖြစ်သည်ဟု ပြောကြားခဲ့သည်။

သို့သော်ငြားလည်း မလေးရှားနိုင်ငံတွင် တောင်အာဖရိကမှ ပြန်လည်ရောက်ရှိလာပြီး ကွာရန် တင်းဝင်နေ သော နိုင်ငံခြားကျောင်းသား တစ်ဦးထံတွင် ပထမဦးဆုံး အိုမီခရွန် ကိုရိုနာ ဗိုင်းရပ်စ်ဖြစ်စဥ်ကို တွေ့ရှိပြီးနောက် ယခုအခါတွင် အိမ်နီးချင်းနိုင်ငံများ၏ အခြေအနေကို စောင့်ကြည့်ဖို့ အမိန့်ပေးထားသည်ဟု မစ္စ Rachadaမှ ပြောကြားခဲ့သည်။ ‌

ထိုင်းအစိုးရသည် ထိုင်း -မလေးရှားနယ်စပ်ကို ပြန်လည်ဖွင့်လှစ်နိုင်ရန် ရည်ရွယ်ထားပြီး CCSA ၏ နိုဝင်ဘာလ ၂၆ ရက်‌နေ့ တွေ့ဆုံမှုသည် ဒီဇင်ဘာ ၁၆ ရက်နေ့တွင် နယ်စပ်ဂိတ်များကို ပြန် လည်ဖွင့်လှစ်နိုင်ရန် ဆွန်ခလာ၊ ဆန်ထွန်၊ နာရာထိဝတ်၊ ရာလာနှင့် ဖတ်တနီစသည့် တောင်ပိုင်း ၅ ခရိုင်ရှိ ကိုဗစ် ၁၉ အခြေအနေကို ဆန်းစစ်ရန်အတွက် ကျင်းပခဲ့ခြင်းဖြစ်သည်။

ဆွန်ခလာခရိုင်ရှိ ဆာဒါအိုနယ်စပ်ဂိတ်၊ နာရာထိဝတ်ခရိုင် ဆွန်ဂိုင်းနယ်စပ်ဂိတ်နှင့် ရာလာခရိုင်ရှိ ဘီထောင်နယ်စပ်ဂိတ်၊ ဆထွန်နယ်စပ် ဆွန်ဂိုင်ကိုလော့ နယ်စပ်ဂိတ် စသည့်နေရာကို ကနဦး တွင် ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် စီစဥ်ထားခဲ့သည်ဟု သူမ က ပြောကြားခဲ့သည်။

“နယ်စပ်တွေပြန်လည်ဖွင့်လှစ်ရေးအဆိုပြုချက်နှင့်ပတ်သက်ပြီး ဆွေးနွေးကြဖို့ ရှေ့ပြေး ညွှန်ကြားထားပြီး ဖြစ်သလို လာမည့် တနင်္လာနေ့တွင် ကျင်းပမည့်အစည်းအဝေး၌လည်း စဥ်းစားပေးနိုင်ရန် CCSA ထံ တင်ပြ သွားပါမယ်”ဟု အဆိုပါပြောရေးဆိုခွင့်ရှိသူမှ ပြောကြားခဲ့သည်။

နယ်စပ်ကို ပြန်လည်ဖွင့်လှစ်ခြင်းဖြင့် ဒေသတွင်း ခရီးသွားလုပ်ငန်းကို ပြန်လည်ကုစားနိုင်ပြီး တောင်ပိုင်းဒေသရှိ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်နိုင်မည်ဟု မျှော်မှန်ထားကြောင်း အဆိုပါပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

ဆုန်ခလာနယ်ကိုယ်စားပြု ထိုင်း-မလေးနယ်စပ်ပြန်လည်ဖွင့်လှစ်ရန်အဆိုတင်သူ Democart Party အမတ်တစ်ဦးဖြစ်သည့် Surin Palare သည် ကိုဗစ် ၁၉ ကြောင့် နယ်စပ်မျဥ်းများကို ၂ နှစ်ကျော်ပိတ်ထားချိန် မှာ မလေးရောက် ထိုင်းနိုင်ငံသားများက သောင်တင်နေလျှက်ရှိသည်ဟု ပြောကြားခဲ့သည်။

ထိုအခြေအနေက ပြင် တရားမဝင် နယ်စပ်ဖြတ်သန်းမှုပြဿနာကို ဦးတည်စေပြီး ကိုဗစ် ၁၉ ပိုမိုပျံ့နှံ့ဖို့ဖြစ်စေသည်ဟု ပင်ဖြည့်စွက်ပြောကြားခဲ့သည်။

သို့သော်လည်း ထိုင်းတောင်ပိုင်း ၅ ခရိုင်သည် ရောဂါကူးစက်မှုအမြင့်ဆုံး ခရိုင်များတွင်ပါဝင် သည်။

ဘာသာပြန် – အောင်မျိုးမြတ်

Ref: Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.