ဘန်ကောက်၊ ဒီဇင်ဘာ ၅

ဘန်ကောက်၊ ဘန်ခမ်းခရိုင်က ကွန်ဒိုတခုကို ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းစဉ် အွန်လိုင်းဂိမ်းလုပ်ငန်း လုပ်ကိုင်သူ (၅)ဦးကို ဖမ်းဆီးရခဲ့ကြောင်း စနေနေ့ညနေပိုင်းက ရဲတပ်ဖွဲ့က ပြောပါတယ်။

ဘန်ခမ်က ခရိုင်ခွဲတစ်ခုဖြစ်တဲ့ အနုဆာဝါရီရဲ့ ရမ်အင်ထရာလမ်းပေါ်မှာရှိတဲ့ ပရီမီယိုဖရီစကို ကွန်ဒို တိုက်ခန်းတခုအတွင်း အွန်လိုင်းဂိမ်းကို စီမံနေတဲ့သူတွေကို ဖမ်းဆီးရခဲ့တယ်လို့ ရဲက သတင်းထောက် တွေကို ပြောပါတယ်။

စီးနင်းမှုအတွင်း တိုက်ခန်းနံပါတ် (၅၄/၈၆)နှင့် (၅၄/၁၁၂) အတွင်း ဝက်ဆိုဒ်ကနေတဆင့် အွန်လိုင်းဂိမ်းတွေကို စီမံနေတဲ့သူ (၅)ဦးဖြစ်တဲ့ အသက် (၂၅)နှစ် ဝန်းကျင် လူငယ် (၅)ဦးနှင့်အတူ ယင်းတို့လုပ်ငန်းလုပ်နေသည့် ကွန်ပြူတာတွေကိုလည်း ဖမ်းဆီးရမိခဲ့ပါတယ်။

သိမ်းဆည်းရမှုအတွင်းတွင် တရားမဝင်အွန်လိုင်းဂိမ်းလုပ်ဆောင်သည့် ကွန်ပြူတာ (၆)လုံး၊ မော်နီတာ (၁၀)လုံး၊ ဝိုင်ဖိုင်စက် (၃)လုံး၊ မိုလ်ဘိုင်းဖုန်း (၈)လုံးတို့ပါဝင်ကြောင်း ထုတ်ပြန်ပါတယ်။

ဖမ်းဆီးခံရသူထဲက တဦးက အဆိုပါ တိုက်ခန်းကို ကားလ် (အမည်ရင်းမဟုတ်)ဆိုသည့် လူတဦးထံမှ တလလျှင် တိုက်ခန်းငှားခအဖြစ် ဘတ်၁၃၀၀၀ နှင့် ၁၈၀၀၀ အကြားပေးကာ ငှားရမ်းရပြီး ပုံမှန်ဖောက်သည် (၂၀၀၀) ဦးခန့်နှင့် အလုပ်လုပ်နေကြောင်း ထွက်ဆိုပါတယ်။

အွန်လိုင်းဂိမ်းကို တလလျှင် ဘတ်သန်း (၂၀)ခန့်ဖြင့် လည်ပတ်နေပြီး ဘတ်(၂)သန်းခန့် အမြတ်ရသည်ဟု ပြောပါတယ်။

ထပ်မံထွက်ဆိုချက်တွင် အဆိုပါအွန်လိုင်းဂိမ်းကို ယခင်က ကမ္ဘောဒီးယားနိုင်ငံတွင်ဆောင်ရွက်ခဲ့ပြီး နောက် လွန်ခဲ့သည့် (၁)နှစ်ကမှ ကိုဗစ်-၁၉ရောဂါဖြစ်ရပ်ကြောင့် ဘန်ကောက်သို့ ပြောင်းရွှေ့လာခဲ့ကြောင်းနှင့် ယခုလကုန်တွင်ပင် ကမ္ဘောဒီးယားသို့ ပြန်လည်ပြောင်းရွှေ့ရန် လုပ်နေစဉ်မှာပဲ ဝင်စီးခံရပြီး ဖမ်းဆီးခံခဲ့ရကြောင်းပြောပါတယ်။

အဆိုပါ ဖမ်းဆီးခံရသူ (၅)ဦးကို လောင်းကစားဥပဒေချိုးဖောက်မှုဖြင့် တရားစွဲမည်ဖြစ်ပြီး ဥပဒေကြောင်းအရဆက်လက်ဆောင်ရွက်နိုင်ရန် ဘန်ခန်ရဲစခန်းသို့လွှဲပြောင်းခဲ့ကြောင်း သိရသည်။

Ref: Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.