နခွန်ဆီထမာဆက်၊ ဒီဇင်ဘာ ၃

မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် ‌ရေစီးဆင်းမှုများမှတဆင့် ‌ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့သောကြောင့် ထိုင်းနိုင်ငံတောင်ပိုင်းရှိ ခရိုင်ခွဲ ၂၃ ခုကို ဘေးအန္တရာယ်ဇုံများအဖြစ် သတ်မှတ်ကြေငြာခဲ့သည်။

ခရိုင်/ဒေသန္တရ အုပ်ချုပ်သူအရာရှိ Kraisorn Wisitwong (ခရိုင်ဆွန်ဝီဆစ်ဝန်)သည် အဆိုပါခရိုင်ဒေသန္တရတစ်ခုလုံးကို ဘေးအန္တရာယ်ဇုံအဖြစ် သောကြာနေ့က ကြေငြာခဲ့သည်။

အဆိုပါထုတ်ပြန်ကြေငြာချက်မှ ကယ်ဆယ်ရေး သမားများနှင့် အာဏာပိုင်များကို ကယ်ဆယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ရန် တရားဝင် လုပ်ပိုင်ခွင့် ပေးအပ်ထားမည်ဖြစ်ပြီး ထိခိုက်ခံရသော ပြည်သူလူထုများအတွက် အရေးပေါ်ဘတ်ဂျက်ငွေ အလျင်အမြန်ပေးအပ်ဖို့ ခရိုင်/ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့ကို ခွင့်ပြုပေးထားမည် ဖြစ်သည်။

ခရိုင်အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုနှင့် Khiriwong တောင်မှ တောင်ကျရေစီးဆင်းမှုသည် အဆိုပါ ခရိုင် မြို့တော်ရှိ အနိမ့်ပိုင်းဧရိယာများကို ရေထုအလုံးအရင်းဖြင့် ဝင်ရောက်လွှမ်းမိုးခြင်းကို တွန်းပို့ခဲ့သည်။

ခရိုင်အတွင်းရှိ များစွာသော ရပ်ကွက်ကျေးရွာများသည် ရေဘေးသင့်ခဲ့ရပြီး ခရိုင်ပြည်သူ့ကျန်းမာရေးရုံးမှ ကိုဗစ် ၁၉ စစ်ဆေးရေးစင်တာကို သောကြာနေ့က စတင်၍ ပိတ်ထားမည်ဖြစ်ကာ စမ်းသပ်မှုပြုလုပ်လိုသူများ အနေဖြင့် ယင်းတို့၏ နေအိမ်များနှင့် နီးစပ်သည့် ဆေးရုံများတွင် သွားရောက်ကြဖို့ကိုလည်း တိုက်တွန်းထားခဲ့သည်။

မြို့တော်ဧရိယာရှိ နဝတ်လမ်းသွယ်တွင်နေထိုင်သူတစ်ဦးဖြစ်သည့် Cha-on Khamplong ၏ ပြောကြားချက်အရ ‌ရေလွှမ်းမိုးခြင်းသည် ညသန်းခေါင်ကျော်ပြီးသည့် ခဏအတွင်းတွင် စတင်ခဲ့ပြီး ရေထုမှာ လည်း ဆက်လက်မြင့်တက်လာခဲ့ဖြစ်သည်ဟု သိရသည်။

နခွန်ဆီထမရတ် (Nakhon Si Thammarat) သည် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အပြင်းထန်ဆုံး ထိခိုက်ခံရသည့် ခရိုင်ဖြစ်သည်ဟု ဘေးအန္တရာယ်ကာကွယ်ရေးနှင့် လျော့ပါးသက်သာရေး ဦးစီးဌာန နောက်ဆုံးထုတ်ပြန်ချက်အရ သိရသည်။

ထိုင်းနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာန၏ ‌ပြောကြားချက်တွင် ထိုင်းပင်လယ်ကွေ့တစ်လျှောက်ရှိ ခရိုင်/ဒေသန္တရများတွင် မိုးသည်ထန်စွာ ရွာသွန်းမှုသည် အနည်းဆုံး စနေနေ့ထိတိုင်ဖြစ်ပေါ်နိုင်သည်ဟု ပါရှိသည်။

တောင်ပိုင်းဒေသ မိုးရွာသွန်းမှုကြောင့် ထိုင်းနိုင်ငံအလယ်ပိုင်းနှင့် အရှေ့တောင်ဘက်ကို အဓိကဆက်သွယ်ထားသော အမြန်လမ်း နံပါတ် ၄၁ သည် ယာဥ်လမ်းကြောင်း ပြတ်တောက်ခဲ့ရသည်။

ဘာသာပြန် – အောင်မျိုးမြတ်

Ref: Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.