ဘန်ကောက်၊ နိုဝင်ဘာ ၂၀

အမေရိကန် CIA လက်ထောက်ဒါရိုက်တာ David Cohen သည် ဝန်ကြီးချုပ် ပရရွတ် ချန်အိုချာတို့ နိုဝင်ဘာလ ၁၉ ရက်နေ့၊ (သောကြာ‌နေ့)တွင် တံခါးပိတ်အစည်းအဝေးတစ်ရပ်ကျင်းပခဲ့ပြီး ထိုတွေ့ဆုံမှုတွင် မြန်မာနိုင်ငံမှာရှိ လုံခြုံရေးအခြေအနေများနှင့် ‌လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီကို ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ပေးအပ်ရန်စသည့် အကြောင်းအရာများအပါအဝင် ခေါင်းစဉ်အတော်များများအပေါ် ဆွေး‌နွေးခဲ့ကြသည်ဟု ယူဆရသည်။

ထုတ်ပြန်ကြေငြာခြင်းမရှိသော အဆိုပါတွေ့ဆုံမှုတွင် ဝန်ကြီးချုပ် ပရရွတ်သည် မစ္စတာ Cohen နှင့် အစိုးရ အိမ်တော်၌ပင် မနက် ၉နာရီ ၃၀ မိနစ်တွင် ဆွေးနွေးခဲ့ကြပြီး ၄၅ မိနစ်ကြာမြင်ခဲ့သည်ဟု သက်ဆိုင်ရာ အရင်း အမြစ်တစ်ခု၏ ပြောကြားချက်အရ သိရသည်။  ထိုတွေ့ဆုံမှုသို့ မီဒီယာများတက်ရောက်ခွင့်ကိုမူ ပိတ်ပင်ထား ခဲ့သည်။ 

အစိုးရအိမ်တော်အရင်းအမြစ်၏ ပြောကြားချက်အရ သူတို့တွေ့ဆုံမှုတွင် မြန်မာနိုင်ငံအတွင်း အ‌ခြေအနေ၊ ဒေသန္တရ တည်ငြိမ်ရေးအပါအဝင် အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံအနေဖြင့် ထိခိုက်ခံရသော အစုအဖွဲ့များကို အကူအညီများတိုးမြှင့်ပေးအပ်သွားဖို့စသော အကြောင်းအရာများကို အဖန်တလဲလဲဆွေး‌နွေးခဲ့ကြသည်ဟု သိရသည်။

အမေရိကန် CIA နှင့် ဝန်ကြီးချုပ်ပရရွတ်ချန်အိုချာတို့ တွေ့ဆုံမှုတွင် ထိုင်း-အမေရိကန်ပြည်ထောင်စု ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ စီးပွားရေးကဏ္ဍလုံခြုံရေးနှင့် လာမည့်နှစ်တွင် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဖိုရမ် (Apec) အတွက် ထိုင်းနိုင်ငံမှ ဥက္ကဌအဖြစ်တာဝန်ယူ ဆောင်ရွက်ချိန်တွင် အမေရိကန်ပြည်ထောင်စု၏ အထောက်အပံ့ပြုမည်ဟူသော ကတိကဝတ်များစသည့် အကြောင်းအရာများ ပေါ်တွင်လည်း သဘောတူခဲ့ကြသည်ဟုဆိုသည်။

အရင်းအမြစ်၏ ပြောကြားချက်အရ “သူတို့တွေ့ဆုံတာကတော့ ယေဘုယျပြောရမယ်ဆိုရင် နိုင်ငံရေး၊ စီးပွားရေးနှင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွေကို သဘောတူကြတာရှိတယ်၊ နိုင်ငံဖြတ်ကျော်ရာဇ၀တ်မှုတွေ ဒါမှမဟုတ် ပစိဖိတ်ဖြတ်ကျော် မိတ်ဖက်ဆက်ဆံရေးအတွက် ဘက်စုံတိုးတက်မှုဆိုင်ရာ သဘောတူညီ ချက် [CPTPP] စတဲ့ဟာတွေတော့ ပါဝင်ခြင်းမရှိပါဘူး” ဟု သိရသည်။

“ထိုင်းနိုင်ငံရှိ နိုင်ငံရေးအခြေအနေများနှင့် ပတ်သက်၍ ဆွေး‌နွေးတဲ့အခါမှာတော့ ထိုင်းဘက်ခြမ်းကတော့ အဆိုပါကိစ္စရဲ့ ဒေသတွင်း အကြောင်းအရင်းခံကို ပိုမိုနားလည်ဖို့ နည်းလမ်းရှာဖွေခဲ့တယ်၊ အဲ့ဒါကိုလည်း အမေရိကန်အစိုးရအနေနဲ့လည်း နားလည်သဘောပေါက်မယ့် ပုံပေါ်ပါတယ်” ဟု အဆိုပါ အရင်းအမြစ်က ပြောကြားခဲ့သည်။  

မစ္စတာ Cohen အနေဖြင့် ထိုင်းနိုင်ငံက ထွက်ခွာပြီးသည့်နောက်တွင် အာဆီယံ အဖွဲ့ဝင်နိုင်ငံများအနက်မှ နောက်ထပ် ၂ နိုင်ငံသို့ သွားရောက်မည်ဟု မျှော်လင့်ရကြောင်း အဆိုပါ အရင်းအမြစ်မှ ပြောကြားခဲ့သည်။  

မစ္စတာ Cohen နှင့် ဝန်ကြီးချုပ် ပရရွတ်တို့အကြား ထိုင်းအစိုးရအိမ်တော်၌ တွေ့ဆုံမှုအပြီး နောက်တစ်ရက် (ယနေ့တွင်) ထိုင်းနိုင်ငံအမျိုးသားလုံခြုံရေးကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ် Supoj Malaniyom က ထို‌တွေ့ဆုံမှု၏ အဓိကရည်ရွယ်ချက်သည် ထိုင်းနိုင်ငံနှင့် အခြား‌သောအာဆီယံအဖွဲ့ဝင်များအကြား လုံခြုံ‌‌ရေးဆိုင်ရာ အဆက်အဆံများကို ပိုမိုအားကောင်းစေရန်အတွက် ဖြစ်သည်ဟူ၍ ပြောကြားခဲ့သည်။ 

အဆိုပါပုဂ္ဂိုလ်၏ ပြောကြားချက်အရ ထိုတွေ့ဆုံမှုသည် CIA အရာရှိအနေဖြင့် ထိုင်းနိုင်ငံသို့ လာရောက် ခြင်းမှာ သတင်းအချက်အလက်မျှဝေခြင်း၊ အမေရိကန်အေဂျင်စီနှင့် ထိုင်းနိုင်ငံ၏ သက်ဆိုင်ရာ အဖွဲ့အစည်း များအကြား ပူးပေါင်းဆောင်ရွက်ရေးတိုးမြှင့်ရန် စသည့်အကြောင်းအရာများဖြင့်  တစ်နှစ် တစ်ကြိမ် လာရောက်နေကြ သာမန်ခရီးစဥ် ဖြစ်သည်ဟု အဆိုပါပုဂ္ဂိုလ်မှ ပြောကြားခဲ့သည်။ 

ဘာသာပြန် – အောင်မျိုးမြတ် 

Ref: Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.