ဖနွမ်ပင်၊ နိုဝင်ဘာ ၁၈

ကမ္ဘောဒီးယားအစိုးရသည် အစိုးရကိုဆန့်ကျင်ရေး လှုံ့ဆော်သည့် ပြစ်မှုများဖြင့် ရင်ဆိုင်နေရသည့် နိုင်ငံရေးဆိုင်ရာ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လူငယ်တက်ကြွလှုပ်ရှားသူ ၂၆ ဦးကို လွှတ်ပေးခဲ့ပြီး ယင်းကဲ့သို့သော ဖြစ်ရပ်သည် အပြုသဘောဆောင်သော ခြေလှမ်းတစ်ခုဖြစ်သည်ဟု လူ့အခွင့်အရေး ဆိုင်ရာအဖွဲ့အစည်းများ က ပြောဆိုထားသော်လည်း ထောင်သွင်းအကျဥ်းခံနေရသူ အမြောက်အများ ကျန်ရှိနေဆဲဖြစ်သည်။ 

ကမ္ဘောဒီးယားနိုင်ငံကို ၃၆ နှစ်ကျော်ကြာ အုပ်ချုပ်ခဲ့သော ဝန်ကြီးချုပ် Hun Sen (ဟွန်ဆန်)သည် ယခုလ တွင် ကျင်းပမည့် အာရှ-ဥရောပ ထိပ်သီးခေါင်းဆောင်များတွေ့ဆုံပွဲ မတိုင်မီ လူအခွင့်အရေးနှင့် ပတ် သက်၍ စီမံကွပ်ကဲသည့် သူ၏ မှတ်တမ်းကို တိုးတက်အောင် ဆောင်ရွက်ရန် စိန်ခေါ်မှုများနှင့် ရင်ဆိုင် နေရသည်။ 

တရားမျှတမှုဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူသည် ထောင်သွင်းအကျဥ်းကျခံနေရသော တက်ကြွ လှုပ်ရှားသူများကို ပြန်လွှတ်ပေးခြင်းသည် နိုင်ငံတကာဖိအားကြောင့်မဟုတ်ပဲ လွတ်မြောက်လာသူများ သည်လည်း တစိတ်တပိုင်းအားဖြင့် လွတ်မြောက်နေပြီးဖြစ်သည့်အပြင် အကျဥ်းထောင်များအတွင်း လူဦးရေသိပ်သည်းမှုကို လျှော့ချနိုင်ရန်အတွက်ကြောင့်ဖြစ်သည်ဟု ပြောကြားခဲ့သည်။ 

“ဒါက သာမန်ရုံးတော်ရဲ့ လုပ်ထုံးလုပ်နည်းပါပဲ၊ သင်ဟာ တက်ကြွလှုပ်ရှားများ ဖြစ်တယ်၊ မဖြစ်ဘူးဆိုတဲ့ အပေါ် ရုံးတော်က ကြည့်ပြီးဆုံးဖြတ်တာမဟုတ်ပါဘူး”ဟု Mr.Chin Malin က ရိုက်တာ သတင်းဌာနသို့ ဗုဒ္ဓဟူးနေ့ (နိုဝင်ဘာလ ၁၇) က ပြောကြားခဲ့သည်။ 

“ဒီအစီအစဥ်က တရားရုံးတွေမှာစုပြုံနေတဲ့အမှုတွဲတွေကို ဖြေရှင်းနိုင်ရာ အကူအညီဖြစ်စေဖို့နဲ့ လူဦးထူ ထပ်နေတဲ့ အကျဥ်းထောင်တွေရဲ့ အတိုင်းအတာကိုလျှော့ချသွားဖို့ဖြစ်ပါတယ်”ဟု အဆိုပါပုဂ္ဂိုလ်က ပြောကြားခဲ့သည်။ 

၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့နှင့် ၁၂ ရက်နေ့အကြား ပြန်လည်လွတ်မြောက်လာသူများသည် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အဖွဲ့အစည်းဖြစ်သည့် Mother Nature Cambodia ၏ အဖွဲ့ဝင်များ၊ အတိုက်အခံပါတီဝင် တက်ကြွလှုပ်ရှားသူများနှင့် လူအခွင့်အရေးစောင့်ကြည့်လေ့လာခြင်းဆိုင်ရာ ပြည်ထောင်စုအဆင့်ခေါင်းဆောင်ဖြစ်သည့် Rong Chhun တို့ဖြစ်ကြသည်။ 

သို့သော် အဆိုပါပုဂ္ဂိုလ်များအပေါ် ချမှတ်ထားသည့် စွဲချက်များကိုမူ လျှော့ပေါ့သက်သာစေခြင်း မရှိခဲ့ပါ။ 

Human Rights Watch ၏ အာရှဒါရိုက်တာ Mr.Brad Adams က “မှားယွင်းစွာ ဖမ်းဆီးခံရတဲ့ နိုင်ငံ ရေးအကျဥ်းသားများ ပြန်လွတ်မြောက်လာတယ်ဆိုတာ သတင်းကောင်းပါပဲ၊ သို့သော်လည်း ကမ္ဘောဒီးယားအာဏာပိုင်တွေက သူတို့တွေအပေါ် ပြန်လည်ထိန်းသိမ်းနိုင်မယ့်အခြေအနေကိုတော့ ဘယ်အရာကမှ တားဆီးလို့ရမှာမဟုတ်ပါဘူး”ဟု ပြောကြားခဲ့သည်။ 

အဆိုပါအဖွဲ့အစည်း၏ ပြောကြားချက်အရ အခြားသော နိုင်ငံရေးအကျဥ်းသားဟောင်း ၆၀ ဦးက ချုပ် နှောင်ထားခံရဆဲဖြစ်သည်။ 

“ကျွန်ုပ်တို့အနေနဲ့ အခြားသော လူငယ်နှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို ခြွင်းချက်မရှိ လွှတ်ပေး နိုင်ဖို့ အစိုးရကို အယူခံဝင်သွားမှာပါ၊ ဘာကြောင့်လဲဆိုတော့ သူတို့တွေက အများသူငှာနဲ့ သက်ဆိုင်တဲ့ ကမ္ဘောဒီးယားနိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေး ဒါမှမဟုတ် သဘာဝပတ်ဝန်းကျင်အရေးစတဲ့ အရေးကြီးတဲ့ ကိစ္စတွေကို မြှင့်တင်ဆောင်ရွက်ဖို့ တိုက်တွန်းတာနဲ့တင် ထောင်ချခံရတယ်ဆိုတာဟာ ဘယ်တော့မှ မဖြစ်သင့်တဲ့အရာမျိုးပါ”ဟု လူအခွင့်အရေး ဒေသတွင်းအဖွဲ့ဖြစ်သည့် LICADHO ၏ မစ္စ Naly Pilorge က ပြောကြားခဲ့ပါသည်။ 

ဘာသာပြန် – အောင်မျိုးမြတ် 

Ref: The Straits Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.