မော်လမြိုင် ၊ နိုဝင်ဘာ (၁၄)

မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို စစ်ကောင်စီက အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ အမှု ၈ မှု ထပ်တိုး အမှုဖွင့်အရေးယူထားတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို စစ်ကောင်စီက ကျိုက်မရောဗဟိုအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းပြီးနောက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ နဲ့ ဆက်တိုက် အမှုဖွင့်လာခဲ့တာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ် ဒေါက်တာ အေးဇံကို ပြီးခဲ့တဲ့ ဧပြီ ၇ ရက်နေ့မှာ စစ်ကောင်စီက လုပ်ပိုင်ခွင့်ကို အကြောင်းပြုပြီး စီးပွားရေးလုပ်ငန်းရှင်တွေဆီက ငွေကြေးရယူတယ်ဆိုပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ နဲ့ အမှုဖွင့် အရေးယူခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ဝန်ကြီးချုပ် ဒေါက်တာ အေးဇံကို စစ်ကောင်စီက အဂတိမှု ၈ မှုနဲ့ ထပ်တိုး အမှုဖွင့်ထားတဲ့အတွက်ကြောင့် အဂတိမှု ၉ မှုထိ ရှိလာခဲ့တာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို စွဲဆိုထားတဲ့ အဂတိမှု ၉ မှုအတွက် တရားလိုပြ သက်သေတွေကို စတင်စစ်ဆေးနေပြီးလို့ စစ်ကောင်စီနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ဝန်ကြီးချုပ် ဒေါက်တာ အေးဇံကို စစ်ကောင်စီက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းကလည်း CDM လှုပ်ရှားမှုမှာ ဝန်ထမ်းတွေအနေနဲ့ ပါဝင်ပေးဖို့ တိုက်တွန်းခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅ (က)နှင့် အမှုဖွင့် အရေးယူထားတာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ် ဒေါက်တာအေးဇံအား စွဲဆိုထားတဲ့ အမှုတွေကို ကျိုက်မရောဗဟိုအကျဉ်းထောင်မှာ အထူးတရားရုံဖွင့်လှစ်ပြီး စစ်ဆေးနေတာ ဖြစ်ပါတယ်။

စစ်ကောင်စီဟာ တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေထဲမှာ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကို နိုဝင်ဘာ ၁၁ ရက်နေ့က အဂတိမှု ၅ မှုအတွက် အမှု တစ်ခုကို ထောင်ဒဏ် ၁၅နှစ် နှုန်းဖြင့် ထောင်ဒဏ် ၇၅ နှစ် အမိန့်ချမှတ်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.