အာဆီယံထိပ်သီးအစည်းအဝေးများတွင် လွှမ်းမိုးထားသောအကြောင်းအရာက မြန်မာနိုင်ငံ၏ “ပုံမှန်မဟုတ်သော အကြပ်အတည်း” ဖြစ်သည်။ ထိုအကြောင်းအရာလွှမ်းမိုးထားချိန်မှာပဲ မြန်မာနိုင်ငံ၏ဆွေးနွေးဖက် ၉ နိုင်ငံက မြန်မာမပါဝင်သောထိပ်သီးအစည်းအဝေးကို ပြီးခဲ့သောရက်သတ္တပတ်က ကျင်းပခဲ့ကြသည်။ အာဆီယံသည် ပြည် တွင်းပြည်ပမှ အရေးကြီးသောစိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းနေရသောကြောင့် ကမ္ဘာသစ်ရှာပုံတော် အစီအစဥ် ကြီးတွင် အဖွဲ့၏ဗဟိုကျမှုနှင့် ဆီလျော်ဆက်စပ်မှုတို့ကိုလည်း မီးမောင်းထိုးပြနေသည်။

မကြာသေးသောဆယ်စုနှစ်များအတွင်း အရှေ့တောင်အာရှနိုင်ငံများအသင်းကြီးသည် အရေးကြီးသော အောင်မြင် မှုများ အတွက် လက်ခုပ်သံများရရှိခဲ့ပြီးဖြစ်သလို ၎င်းအောင်မြင်မှုများအနက်မှအရေးကြီးဆုံးက စီးပွားရေးတိုးတက်မှု အပြင် ကမ္ဘာလုံးဆိုင်ရာချိတ်ဆက်ထားသော စီးပွားရေးအသိုက်အဝန်းတည်ဆောက်ခြင်းနှင့် အင်ဒို – ပစိဖိတ် စီးပွား ရေးနှင့်လုံ ခြုံရေးပူးပေါင်းဆောင်ရွက်မှု နှလုံးသားတည်ရာဗဟိုချက်တွင် မိမိနေရာခိုင်မြဲစေခဲ့ခြင်း ဖြစ်သည်။

သို့သော် ယခုနှစ်တွင် ကူးစက်မြန်ဒယ်လ်တာကိုရိုနာဗိုင်းရပ်စ်မျိုးကွဲပျံ့နှံ့မှုကြောင့် လူထောင်ပေါင်းများစွာသေဆုံးခဲ့ရ သည်။ လူပေါင်းများစွာ ဆင်းရဲတွင်းသို့နောက်ထပ်ကျဆင်းသွားကြဦးမည့်ပုံပေါ်ပြီး စီးပွားရေးပြန်လည် ဦးမော့လာ နိုင်ဖို့ ကလည်း နှေးကွေးမည့်ပုံပေါ်သည်။

ဖေဖော်ဝါရီ ၁ ရက် မြန်မာစစ်တပ်အာဏာသိမ်းမှုကလည်း ဆင်းရဲဒုက္ခထပ်တိုးစေခဲ့သည်။ လမ်းမများပေါ်ထွက်လာ ကြသော ဆန္ဒပြပြည်သူများကို မြန်မာစစ်အာဏာရှင်များက အကြမ်းဖက်ဖြိုခွဲနည်းဖြင့် ဖြိုခွဲခဲ့ကြသည်။ ၎င်းက အာဆီယံ၏ သက်ဝင်မှုဖြစ်သော “ပြည်တွင်းရေး မစွက်ဖက်ရ” နှင့် “စေ့စပ်ညှိနှိုင်းမှု”ကို လွန်မင်းစွာ စမ်းသပ် လာခဲ့ သည်။

တောင်တရုတ်ပင်လယ်အများစုကိုထိန်းချုပ်ထားသောတရုတ်နိုင်ငံ၏ကြီးထွားလာနေသောဩဇာလွှမ်းမိုးမှုကိုထိန်းချုပ် ရန် အမေရိကန်ကကြိုးစားလာနေသဖြင့် ပထဝီနိုင်ငံရေးတင်းမာမှုများ မြင့်တက်နေသည်။ ဒီမိုကရက်တစ်ထိုင်ဝမ် အပေါ် ဘေကျင်းကပြင်းထန်သောနိုင်ငံရေးဖိအားများပေးနေပြီး စစ်ရေးအရှိန်ကလည်း မြှင့်တက်နေသည်။ တရုတ် နိုင်ငံက ထိုင်ဝမ်ကို ၎င်းတို့ပိုင်ဆိုင်သောကျွန်းအဖြစ် ယူဆထားသည်။

‌ဒေသတွင်းငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကိုခြိမ်းခြောက်နေသော တရုတ်၏ အကြပ်ကိုင်သည့် လုပ်ရပ်များနှင့် ပတ်သက်ပြီး စိုးရိမ်ကြောင်း သမ္မတ ဂျိုး ဘိုင်ဒန်က ထုတ်ဖော်ပြောကြားလိုက်သည်။

“ထိုင်ဝမ်ရေလက်ကြားတွင် တရုတ် – အမေရိကန်ဆက်ဆံရေး ၊ ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကို ဆိုးရွားစွာထိခိုက် စေနိုင်သော အပြုအမူများကိုရှောင်ကြဥ်ရန် ထိုင်ဝမ်လွတ်လပ်ရေးတပ်ဖွဲ့များဆီသို့ မှားယွင်းသောအချက်ပြမှုများ ပေး ပို့ ခြင်းမပြုရန်” ဖြင့် ဘေကျင်းကအမေရိကန်ကို ချက်ချင်းတုန့်ပြန်ခဲ့သည်။

ယခုဇာတ်လမ်းတွင် အမေရိကန် ၊ ဗြိတိန် နှင့် ဩစတြေးလျတို့ပါဝင်သော မိတ်ဖက်သုံးနိုင်ငံလုံခြုံရေး AUKUS ဖွဲ့စည်း ခြင်းလည်းပါဝင်သည်။ သဘောတူညီချက်အရ ဩစတြေးလျသည် နျူးကလီးယားရေငုပ်သင်္ဘောနည်းပညာ ပေးစွမ်း နိုင်သောကြောင့် လက်နက်ပြိုင်ဆိုင်မှုနှင့် တင်းမာမှုများမြှင့်တက်လာမည်ကို အာဆီယံအဖွဲ့ဝင်နိုင်ငံတချို့က စိုးရိမ် နေကြသည်။

အမေရိကန် ၊ ဂျပန် ၊ အိန္ဒိယ နှင့် ဩစတြေးလျ ပါဝင်သော QUAD ၏ အလွတ်သဘောပူးပေါင်းဆောင်ရွက်မှုကလည်း တရုတ်နိုင်ငံ၏ရန်လိုမှုကိုဆန့်ကျင်သည့် အတားအဆီးဖြစ်သည်။

အထက်ပါအချက်များအားလုံးသည် အာဏာ နှင့် ဩဇာအတွက် အဖြူ – အမဲ ပြိုင်ဆိုင်မှုအလယ်ဗဟိုတွင် အာဆီယံကို ရှိ နေစေခဲ့ခြင်းဖြစ်သည်။ နှစ်ပေါင်းများစွာတိုင်အောင် အင်ဒို-ပစိဖိတ်ဒေသတွင် ပိုမိုကျယ်ပြန့်သော ဒေသတွင်း စီးပွားရေး ၊ နိုင်ငံရေး နှင့် လုံခြုံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများအတွက် ၎င်းတို့၏ “ဗဟိုကျရေး” အယူအဆကို ဂရုတစိုက် ပြုစုပျိုးထောင်ခဲ့သည်။ ထိုသို့လုပ်ဆောင်ရာတွင် အင်အားကြီးနိုင်ငံများ၏ လုပ်ဆောင်ချက်များအပေါ် လွှမ်းမိုးရန် မျှော်လင့်ထားခဲ့သည်။

ယခုအချိန်မှာတော့ အာဆီယံ၏ဗဟိုကျမှုကို တဖက်ဖက်က ၊ အုပ်စုတစုက အတင်းအကြပ် ရွေးချယ်ခံရမည့် အန္တရာယ်ရှိလာသောကြောင့် အများစုက အာဆီယံ၏ ဗဟိုကျမှုအပေါ် ထင်ယောင်ထင်မှားဖြစ်လာမည်ကို လူအများ အကြီးအကျယ် စိုးရိမ်နေကြသည်။

ပြီးခဲ့သည့်အင်္ဂါနေ့ထိပ်သီးအစည်းအဝေးတွင် မလေးရှားဝန်ကြီးချုပ် ယာကွတ်ဘ်က AUKUS အပေါ် တစုတစည်း တည်းသော ရပ်တည်မှုကိုသဘောတူဖို့ လက်မခံခဲ့ကြကြောင်းဝန်ခံခဲ့သည်။ သူက AUKUS ဖွဲ့စည်းခြင်းကို တရားဝင် တုန့်ပြန်ရန် ပျက်ကွက်ခဲ့ခြင်းအတွက် ဝမ်းနည်းကြောင်းပြောသည်။

တကယ်တော့ အာဆီယံပြင်ပမိတ်ဆွေများနှင့်ထိတွေ့ဆက်ဆံရာတွင် “အာဆီယံဗဟိုပြုမှုအားကောင်းရေး နှင့် စည်း လုံးညီညွတ်ရေး၏အရေးပါပုံ” အတွက် ပုံမှန်အာမခံချက်ပေးခြင်းဖြစ်ပြီး ဥက္ကဋ္ဌထုတ်ပြန်ချက်တွင် AUKUS ဆိုသော ဝေါဟာရမပါဝင်ပေ။

ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန် အိုချာ က အာဆီယံဗဟိုပြုမှုနှင့်ပတ်သက်ပြီး “ရှင်းလင်းပြီး စုပေါင်းညှိနှိုင်းထားသော အသံများ ဖော်ထုတ်ရမည်” ဟု ပြောသည်။ အင်ဒို – ပစိ ဖိတ်ဒေသအတွက် အင်အားကြီးနိုင်ငံများနှင့် အပြုသဘော ဆောင်သောထိတွေ့ဆက်ဆံရေးများတွင် တရားဝင်ဒေသအမြင်ဖြစ်သော “အာဆီယံသဘောထား” က အကောင်းဆုံး လက်နက်ဖြစ်ကြောင်း ၎င်းက မှတ်ချက်ပြုပြောကြားခဲ့သည်။

အင်ဒို – ပစိဖိတ်ဒေသအတွက် အာဆီယံခေါင်းဆောင်တွေကို မရှိမဖြစ်လိုအပ်ကြောင်း နှင့် အာဆီယံ၏ အင်ဒို – ပစိဖိတ် အမြင်ကို အမေရိကန်ကခိုင်ခိုင်မြဲမြဲထောက်ခံနေကြောင်း သမ္မတဘိုင်ဒန်က ထပ်မံအာမခံပြောကြားခဲ့သည်။

လွန်ခဲ့သော ၄ နှစ် သမ္မတ ဒေါ်နယ်ထရမ့်လက်ထက်တွင် အာဆီယံနှင့်အဆက်အသွယ်မရှိခဲ့ပဲ သမ္မတဘိုင်ဒန် လက်ထက်ရောက်မှ အွန်လိုင်းဖြင့်တွေ့ဆုံခဲ့ခြင်းက တိုးတက်မှုဖြစ်ပြီး ကြိုဆိုရမည်သာဖြစ်သည်။ ကိုဗစ် နှင့် ရာသီဥတု ပြောင်းလဲမှုမျိုးကို ကိုင်တွယ်ဖြေရှင်းရန် စသည့်ရည်ရွယ်ချက်အမျိုးမျိုးအတွက် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော် အာဆီယံအား ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ဝါရှင်တန်ကကြေညာခဲ့သည်။

တောင်တရုတ်ပင်လယ်အတွင်း ငြိမ်းချမ်းရေး ၊ တည်ငြိမ်ရေး ၊ တောင်တရုတ်ပင်လယ်အတွင်း လွတ်လပ်စွာ ရေကြောင်း သွားလာရေးနှင့် လေကြောင်းပျံသန်းခွင့်တို့ကိုထောက်ခံအားပေးရန် တရုတ်ဝန်ကြီးချုပ် လီခဲ့ချန် သည် လည်းပဲ ထိပ်သီးအစည်းအဝေးသို့တက်ရောက်ခဲ့ပြီး Òတောင်တရုတ်ပင်လယ်သည် လူတိုင်း၏ အကျိုးစီးပွားအတွက် ဖြစ်ကြောင်းနှင့် မိမိတို့အတွက် ‘ဘုံနေထိုင်ရာ’ ဖြစ်ကြောင်းÓ ပြောကြားခဲ့သည်။

အာဆီယံသည် အင်အားကြီးမားသူများ၏ ပါဝါပြိုင်ဆိုင်မှုတွေကိုစီမံခန့်ခွဲနိုင်ဖို့ မိမိကိုယ်မိမိ ဘယ်တုန်းကမှမတည် ဆောက်ခဲ့ပါ။ ထို့ကြောင့် ဆက်စပ်ပတ်သက်မှု ဆုံးရှုံးရနိုင်ခြေများသော်လည်း ထိုကဲ့သို့လုပ်ဆောင်ရန် မျှော်လင့်ခြင်း ကလည်း ဆင်ခြင်နည်းလမ်းမကျပေ။ အဖွဲ့အစည်းအတွက် အကောင်းဆုံးမျှော်လင့်ချက်ကတော့ အင်အားကြီးသူများ နှင့် အတူယှဥ်တွဲနေထိုင်ခြင်းကသာ အကျိုးဖြစ်ထွန်းလိမ့်မည်ဖြစ်ပေတော့သည်။

ကြည်ဖြူစံ

Ref: Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.