မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ရန်ကုန်မြို့ရှိ ဂျာမန်လက်ကားရောင်းချသော Metro ဂိုဒေါင်အပြင်ဘက်တွင် ၎င်းတို့ ၏ အပြာနှင့်အဝါ လိုဂိုများဖယ်ရှားထားပြီး အမှတ်အသားမပါသော အဖြူရောင်ကုန်တင်ကားများ တန်းစီရပ်ထားကြသည်။

လုပ်ငန်းလည်ပတ်မှုရပ်ဆိုင်းသွားပြီဖြစ်သော ရန်ကုန်မြို့လယ်ရှိ လက်ကားအရောင်းပြခန်းတွင်းမှာလည်း ကတ်ထူပုံး များ အစုလိုက်အပုံလိုက် စီထားကြသည်။

“ သောကြာနေ့ထိပဲ ပစ္စည်းတွေပို့ပေးတော့မှာ။ သောကြာနောက်ဆုံးပဲ ” ဟု ဂိုဒေါင်ရှိ လုံခြုံရေးအစောင့်တဦးက ပြောသည်။

အရပ်သားအစိုးရကို မြန်မာစစ်တပ်ကထိန်းချုပ်ပြီး ၉ လနီးပါးအကြာတွင် စီးပွားရေးနှေးကွေးခြင်း နှင့် လူ့အခွင့်အရေး ဆိုင်ရာစိုးရိမ်မှုမြင့်တက်လာခြင်းကြောင့် “အာရှ၏ နောက်ဆုံးသောအကြီးမားဆုံးဈေးကွက်”ဟူ၍ တချိန်ကချီးကျူးခံ ခဲ့ရဖူးသောနိုင်ငံတွင်းမှ နိုင်ငံခြားကုမ္ပဏီများထွက်ခွာရန် တွန်းအားပေးခံခဲ့ရသည်။

ရင်းနှီးမြှပ်နှံမှုများမတည်ငြိမ်ခြင်း နှင့် ပတ်ဝန်းကျင်ရှိစီးပွားရေးအ‌ခြေအနေများကိုကိုးကားပြီး အောက်တိုဘာလကုန် တွင် လုပ်ငန်းများရပ်ဆိုင်းတော့မည်ဟု Metro က ပြီးခဲ့သောလတွင် ကြေညာခဲ့သည်။ “လက်ရှိအခြေအနေတွေက ကျနော်တို့သတ်မှတ်ထားတဲ့ စံနှုန်းမြှင့်စီးပွားရေးလုပ်ငန်းကို ရေရှည်လုပ်ကိုင်ခွင့်မပေးတော့ဘူး” ဟု ကုမ္ပဏီထုတ်ပြန် ချက်တွင်ဖော်ပြထားသည်။

၎င်းကုမ္ပဏီသည် ပြည်တွင်းကုမ္ပဏီလုပ်ငန်းစုကြီး Yoma Group ၏ ယူနစ်တခုဖြစ်သည့် Yoma Strategic Holdings နှင့် အကျိုးတူဆောင်ရွက်နေ‌သောကုမ္ပဏီဖြစ်ပြီး ၂၀၁၉ ခုနှစ်တွင် မြန်မာ့လက်ကားဈေးကွက်တွင်းဝင်ရောက်ခဲ့သည်။ ကုမ္ပဏီ၏အဓိကတာဝန်မှာ စားသောက်ဆိုင် နှင့် ဟိုတယ်များသို့ အစားအသောက်များထောက်ပံ့ပေးရခြင်းဖြစ်သည်။ အဆိုပါအကျိုးတူလုပ်ငန်းသည် ကမ္ဘာ့ဘဏ်အုပ်စု၏ International Finance Corp., ထံမှ ရံပုံငွေများရရှိခဲ့သည်။ ၎င်း ရံပုံငွေများဖြင့် Metro နှင့် ၎င်း၏အကျိုးတူလုပ်ဖော်ကိုင်ဖက်များက မြန်မာနိုင်ငံ ၊ စားနပ်ရိက္ခာထောက်ပံ့ရေးကွင်း ဆက်တခုလုံး၏ အရည်အသွေးကိုမြှင့်တင်ရန် နှင့် အလုပ်အကိုင်များဖန်တီးပေးရန် ၊ လယ်သမားများ၏ ဝင်ငွေ မြှင့်တင်ပေးနိုင်ရန် မျှော်လင့်ထားခဲ့ကြသည်။

Yoma Strategic Holdings ၏ စီအီးအို Melvin Pun က ကိုရိုနာဗိုင်းရပ်စ်ကာလအတွင်း ကော်ဖီဆိုင် ၊ စားသောက် ဆိုင်နှင့် ဟိုတယ်များမှဝယ်လိုအားကျဆင်းခဲ့ရသည်ဟု အပြစ်တင်သည်။

“လုပ်ငန်းလည်ပတ်မှုတွေရပ်လိုက်ပြီး အကျိုးတူလုပ်ငန်းကို ကျနော်တို့ပိတ်ပစ်မှာပါ။ လာမယ့်လတွေအတွင်း ကျနော် တို့ကိုယ်ပိုင်ပစ္စည်းတွေ နဲ့ စီးပွားရေးလုပ်ငန်းတွေကို ရောင်းချနိုင်ဖွယ်ရှိတယ်” ဟု Nikkei Asia သို့ပြောသည်။

ဇူလိုင်လအတွင်းကလည်း နော်ဝေတယ်လီကွန်းပံ့ပိုးပေးသူ Telenor Group က မြန်မာနိုင်ငံတွင်းရှိ ၎င်း၏မိုဘိုင်းလည် ပတ်ဆောင်ရွက်မှုကို အမေရိကန်ဒေါ်လာ ၁၀၅ သန်းဖြင့်ရောင်းချမည်ဟု ဆိုခဲ့သည်။ အာဏာပိုင်များက ကုမ္ပဏီကို Spyware တပ်ဆင်ပေးရန်ဖိအားပေးနေပြီး လူအခွင့်အရေးအတွက် စိုးရိမ်စရာများဖြစ်လာစေခဲ့သည်။ လက်ရှိအချိန် မှာတော့ သဘောတူညီချက်ကိုအတည်ပြုရန် စစ်အာဏာရှင်များကတုန့်ဆိုင်းနေသောကြောင့် မသေချာ မရေရာမှုများ နှင့် ရင်ဆိုင်နေရသည်။

ဗြိတိသျှ အမေရိကန် ဆေးလိပ်ကုမ္ပဏီကလည်း ယခုနှစ်ကုန်ပိုင်းတွင်ထွက်ခွာရန် စီစဥ်ထားသည်။

“မြန်မာနိုင်ငံတွင်းရှိ မိမိတို့လုပ်ငန်းများ ရေရှည်လည်ပတ်မှု နှင့် ကူးသန်းရောင်းဝယ်ရေးအလားအလာများအပေါ် အကဲဖြတ်ချက်အရ နိုင်ငံမှထွက်ခွာသွားဖို့ ဆုံးဖြတ်ချက်ချခဲ့ပြီးပါပြီ” ဟု တောင်အာရှ နှင့် အရှေ့အလယ်ပိုင်းလုပ်ငန်း ဆောင်ရွက်မှုဆိုင်ရာ ကော်မိုရိတ်ရေးရာမန်နေဂျာ Madeeh Pasha က Nikkei Asia သို့အီးမေးလ်ဖြင့်အကြောင်းပြန်ခဲ့ သည်။

သို့သော် နိုင်ငံခြားစီးပွားရေးလုပ်ငန်းစုများ အစုလိုက် အပြုံလိုက်ထွက်ခွာမှုက ဥရောပနိုင်ငံပေါင်းစုံကိုကျော်လွန်ပြီး ပျံ့နှံ့ လာနေသည်။ အိန္ဒိယ၏ Adani ဆိပ်ကမ်းများ နှင့် အထူးစီးပွားရေးဇုန် ကလည်း မြန်မာနိုင်ငံတွင်းမှ ရင်းနှီး မြှပ်နှံမှုများ ရုတ်သိမ်းမည်ဟု ဗုဒ္ဓဟူးနေ့ကကြေညာခဲ့သည်။ ဆိပ်ကမ်းအော်ပရေတာသည် စစ်တပ်ကျောထောက် နောက်ခံပြု မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းထံမှမြေငှားရမ်းထားပြီး ၎င်းမြေပေါ်တွင် ဒေါ်လာ သန်း ၂၉၀ တန် ကွန်တိန်နာဆိပ်ကမ်း ဆောက်လုပ်ရေးလုပ်ဆောင်နေသည်။ စစ်တပ်ကိုငွေကြေးထောက်ပံ့သည်ဟု ဝေဖန်ခံရသော ကြောင့် ယခုလိုထွက်ခွာဖို့ ပြင်ဆင်ခြင်းဖြစ်သည်။

“အခြေအနေများပြန်လည်သုံးသပ်ပြီးနောက် ကုမ္ပဏီ၏ဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီက မြန်မာနိုင်ငံတွင်းမှ ရင်းနှီးမြှုပ်နှံမှုများရုတ်သိမ်းမည့်အစီအစဥ်ကို လုပ်ဆောင်ရန်ဆုံးဖြတ်ထားကြောင်း” ဆိပ်ကမ်းအော်ပရေတာ၏ ထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။ မည်သည့်စွန်ဦးတီထွင်မှုမျိုးကိုမဆို လုပ်ကိုင်တော့မည်မဟုတ်ပါ။

ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏အဆိုအရ စက်တင်ဘာလကုန်ထိ မြန်မာနိုင်ငံတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုစီမံကိန်း စုစုပေါင်း ၁၈၇၃ ခုရှိကြောင်း သိရသည်။ လုပ်ငန်းအများစုသည် အခြေအနေများကို စောင့် ကြည့် အကဲဖြတ်နေကြဆဲရှိပြီး စစ်အာဏာမသိမ်းခင်ကာလကတည်းကရှိထားခဲ့သောအရေအတွက်က သိသိသာသာ ပြောင်းလဲခြင်းမရှိသေးပါ။

သို့သော် အသစ်အတည်ပြုထားသော ရင်းနှီးမြှုပ်နှံမှုပရောဂျက်များ၏အရေအတွက်သည် စက်တင်ဘာလကုန်တွင် ၄၈ ခုအထိကျဆင်းသွားပြီး ယခင်နှစ်အဆင့်ထက် ငါးပုံတပုံမျှသာဖြစ်သည်။ အများစုမှာ ဖေဖော်ဝါရီ စစ်အာဏာ မသိမ်းခင်ကတည်းက အတည်ပြုထားခဲ့ပြီးသားဖြစ်သည်။

လူ့အခွင့်အရေးအပြင် စစ်အာဏာရှင်လက်ထက် ငွေကြေးမတည်ငြိမ်မှုကလည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို ဟန့် တားထားခဲ့သည်။ မြန်မာနိုင်ငံဘဏ်များတွင် နိုင်ငံခြားသုံးငွေရှားပါးလာခဲ့ပြီး ပြည်တွင်းသုံးကျပ်ငွေတန်ဖိုးက သိသိ သာသာကျဆင်းသွားသည်။

“ကုန်ပစ္စည်းအတွက်ပေးချေဖို့ ကျနော်တို့ဝင်ငွေတွေကို ဒေါ်လာနဲ့လဲလို့မရတော့ဘူး” ဟု ကုန်တင်သွင်းသူတဦးက ပြော သည်။ အခြားသောကုမ္ပဏီများတွင်လည်း အလားတူအခက်အခဲများနှင့်ရင်ဆိုင်နေရသည်။ ကုန်ပစ္စည်းထုတ်လုပ်သူ များ စာရင်းတွင် ပြည်ပမှရင်းမြစ်များလည်းပါဝင်သည်။

မြန်မာ့စီးပွားရေးသည် ၂၀၂၂ ခုနှစ်တွင် ၀ ဒဿမ ၁ ရာခိုင်နှုန်းကျုံ့သွားမည်ဖြစ်ပြီး ၂၀၂၃ မှ ၂၀၂၆ အတွင်း ၂ ဒဿမ ၅ ရာခိုင်နှုန်းတိုးလာမည်ဟု နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့မှသိရသည်။

၂၀၁၁ ခုနှစ် အရပ်သားအစိုးရသို့ စတင်ကူးပြောင်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင်းသို့စီးပွားရေးလုပ်ငန်းများထိုးဖောက် နိုင်ရန် ဂျပန်အစိုးရကထောက်ပံ့ခဲ့သည်။ အရှေ့တောင်အာရှရှိ ဂျပန်နိုင်ငံသားပိုင်ကုမ္ပဏီများသည် ယခုအခါမှာတော့ ဥရောပ သို့မဟုတ် အမေရိကန်တို့ထက် များစွာသာလွန်နေပြီဖြစ်သည်။

“များပြားလှတဲ့ပမာဏ ကျနော်တို့ရင်းနှီးမြှပ်နှံထားပြီးပြီ။ ဒါကြောင့်လည်း ထွက်သွားဖို့အတွက်ရွေးချယ်ခွင့် ကျနော်တို့ မှာမရှိဘူး” ဟု ထိပ်တန်းလုပ်ငန်းတခုတွင်ဦးဆောင်နေသော အမှုဆောင်အရာရှိတဦးကပြောသည်။

နိုင်ငံတနိုင်ငံမှ မန်နေဂျာတယောက်ကလည်း “အခြေအနေဘယ်လိုပြောင်းလဲမလဲဆိုတာ စောင့်ကြည့်ရမှာပါ့” ဟု ပြော သည်။ “ဘယ်လောက်ထိစောင့်နိုင်လဲ” ဟု မေးမြန်းရာမှာတော့ “ရွေးကောက်ပွဲမတိုင်ခင်အထိ ဖြစ်နိုင်တယ်” ဟု ပြန် လည်ဖြေကြားခဲ့သည်။ ၂၀၂၃ ခုနှစ်တွင် အထွေထွေရွေးကောက်ပွဲကျင်းပပေးမည် ဟု စစ်အာဏာရှင်များက ပြောဆို ထားသည်။ သို့သော်လည်း ၎င်းရွေးကောက်ပွဲက တရားမျှတမှု ရှိ ၊ မရှိ မသေချာပါ။

အခြားလုပ်ငန်းမှ အမှုဆောင်အရာရှိတဦးကလည်း ၎င်း၏ကုမ္ပဏီသည် အခြားရင်းနှီးမြှပ်နှံသူများ၏စိုးရိမ်သောက ကြောင့် အကြပ်အတည်းနှင့်ရင်ဆိုင်နေရကြောင်းနှင့် ရှယ်ယာရှင်များကကန့်ကွက်နိုင်သည့်အတွက် ကြီးမားသော ရင်းနှီးမြှုပ်နှံမှုများမလုပ်နိုင်ကြောင်း ပြောသည်။ မြန်မာနိုင်ငံမှ ဂျပန်နိုင်ငံသားပိုင် ငွေစာရင်းကိုင်ကုမ္ပဏီတခုကလည်း စီးပွားရေးကျဆင်းလာမှုနှင့်မျက်နှာချင်းဆိုင်နေရသည်။ “ ဖောက်သည်ကုမ္ပဏီ ၂၀ ရာခိုင်နှုန်းလောက်က နှုတ်ထွက်ဖို့ ဒါမှမဟုတ် လုပ်ငန်းရပ်ဆိုင်းထားဖို့ ဆုံးဖြတ်ခဲ့ကြတယ် ” ဟု မန်နေဂျာတဦးကပြောသည်။

လူသိများသောကုန်အမှတ်တံဆိပ်တွင်ပါဝင်သည့် Kirin က ညှိနှိုင်းမှုများရပ်တန့်သွားသော်လည်း စစ်တပ်ကျော ထောက်နောက်ခံပြုထားသော အကျိုးတူစီးပွားရေးလုပ်ငန်းကို မကြာခင်မှာဘဲ ဖျက်သိမ်းမည် ဟု အကြီးတန်း အရာရှိတဦးက ပြောသည်။

“ အခြေခံကျကျပြောရမယ်ဆိုရင်တော့ မြန်မာပြည်မှာပဲ ကျနော်တို့နေချင်ပါတယ်။ တချို့လုပ်ငန်းရှင်တွေ မြန်မာနိုင်ငံ က ထွက်သွားမယ်ပြောပေမယ့် အများကြီးရှိမှာမဟုတ်ဘူးလို့ ထင်ပါတယ်” ဟု အမှုဆောင်အရာရှိတဦးက ပြောသည်။

သီလဝါအထူးစီးပွားရေးဇုန်သည် ဂျပန်နိုင်ငံ၏ရင်းနှီးမြှပ်နှံမှုအတွက် အကြီးမားဆုံးဖြစ်သည်။ လျှပ်စစ်ဓာတ်အားလိုင်း ၊ ဆိပ်ကမ်း နှင့် လမ်းများကို ဂျပန်အစိုးရကျောထောက်နောက်ခံပေးထားသည့် ယန်းချေးငွေများဖြင့် ထောက်ပံ့ပေးခဲ့ ခြင်းဖြစ်သည်။ မြန်မာ – ဂျပန် သီလဝါဖွံ့ဖြိုးတိုးတက်ရေး(MJTD) ၄၉ ရာခိုင်နှုန်းကို မစ်ဆူဘီရှီ ကော်ပိုရေးရှင်း ၊ ဆူမီတိုမို ကော်ပိုရေးရှင်း နှင့် မာရူဘီနီ ကော်ပိုရေးရှင်းအပါအဝင် ဂျပန်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များက ပိုင်ဆိုင် ထားသည်။ ဇုန်အတွင်း အလုပ်လုပ်ကိုင်နေကြသော ကုမ္ပဏီ ၁၀၀ ခန့်၏ ထက်ဝက်ခန့်မှာ ဂျပန်ပိုင်ဖြစ်သည်။

အာဏာသိမ်းယူပြီးနောက် နှင့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုမြင့်တက်နေချိန်တွင် အချို့လုပ်ငန်းများအားဆိုင်းငံ့ထား သော် လည်း “အာဏာမသိမ်းခင်ကတည်းက ကျနော်တို့ငှားရမ်းထားတဲ့ ၉၀ ရာခိုင်နှုန်းနီးပါး အခုပြန်လည်ပတ်နေပါပြီ” ဟု MJTD မှအမှုဆောင်အရာရှိတဦးကပြောသည်။

သို့သော် အများစုကတော့ စွမ်းဆောင်ရည်အပြည့်ဖြင့် လည်ပတ်နိုင်ပုံမပေါ်ပါ။ အနီးအနားရှိ စားသောက်ဆိုင် နှင့် လက် ဖက်ရည်ဆိုင်ပိုင်ရှင်များကလည်း ဖောက်သည်အသွားအလာမှာ ယခင်ကထက်ငါးပုံတပုံသာဖြစ်သည်ဟု ပြောကြ သည်။

တိုင်းပြည်တွင်းမှဆွဲထုတ်ခြင်းသည် ပြည်တွင်းအလုပ်အကိုင်များဆုံးရှုံးရန် ခြိမ်းခြောက်ခြင်းဖြစ်ပြီး ရင်းနှီးမြှပ်နှံသူများ ဆုံးဖြတ်ချက်ချရန်အတွက် နောက်ထပ်လားရာတခု ထပ်မံပေးခြင်းလည်းဖြစ်သည်။

အကယ်၍ ကုမ္ပဏီများအနေဖြင့် လုပ်ငန်းဆက်လက်လည်ပတ်လိုပါက လူ့အခွင့်အရေးချိူးဖောက်မှုတွေအတွက် အထောက်အကူဖြစ်စေနိုင်သောအန္တရာယ်များမှကာကွယ်နိုင်ရန် ပိုမိုအဆင့်မြင့်သောသုံးသပ်မှုများပြုလုပ်ဖို့ လိုအပ်ပေသည်။

ကြည်ဖြူစံ

Ref:Nikkei Asia

“ Corporate exodus grows, from Europe to India ” ကို ဆီလျော်အောင်ရေးသားသည်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.