မော်လမြိုင် ၊ အောက်တိုဘာ (၃၀)

နိုင်ငံရေး မတည်ငြိမ်နေတဲ့ အခြေအနေမှာ စစ်ကောင်စီက ကျောင်းတွေ ပြန်ဖွင့်မယ့်အပေါ် ကျောင်းသားမိဘတွေ စိုးရိမ်နေကြပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ ကိုဗစ်ကပ်ရောဂါကြောင့် မြန်မာနိုင်ငံထဲက မြို့နယ် ၄၆ မြို့နယ်ကလွဲပြီး ကျန် အခြေခံပညာကျောင်းတွေကို နိုဝင်ဘာ ၁ ရက်နေ့မှာ စတင် ဖွင့်လှစ်သွားမယ်လို့ ကြေညာလိုက်တာ ဖြစ်ပါတယ်။

ကျောင်းတွေ အမြန်ဆုံး ပြန်ဖွင့်နိုင်ဖို့အတွက် အာဏာသိမ်း စစ်ကောင်စီက မြို့နယ်ပညာရေးမှူးတွေအနေနဲ့ ကြိုတင်ပြင်ဆင်တာ လုပ်ဆောင်ဖို့ ညွှန်ကြားထားပါတယ်။

ကျောင်းသားမိဘတွေကတော့ နိုင်ငံရေး မတည်ငြိမ်တာ၊ ကိုဗစ်ကပ်ရောဂါ ကျန်ရှိနေတဲ့အတွက်ကြောင့် ကလေးတွေကို ကျောင်းလွှတ်ဖို့ စိုးရိမ်နေကြတာ ဖြစ်ပါတယ်။

“ဒီနိုင်ငံရေးကလည်း မငြိမ်းချမ်းသေးဘူးလေ၊ နောက်ပြီးတော့ကိုဗစ်ကလည်းဆေးထိုးပေးတယ်ဆိုပေမယ့်လည်း တချို့ဖြစ်တဲ့သူတွေကလည်း ဖြစ်နေတုန်းပဲ။နောက်တစ်ခုက ကျောင်းပိတ်တဲ့အချိန်ကို ပြန်ရောက်နေပြီးမှ ကျောင်းဖွင့်တဲ့ကလေးတွေအတွက် ဖွင့်မယ်ဆိုလိုရှိရင်ရော မိဘတွေအနေနဲ့ နိုင်ငံရေး မငြိမ်သတ်တဲ့အပေါ်မှ ာယုံကြည်စိတ်ချတဲ့အပေါ်မှ ာဘယ်လောက်လောက်ပေးနိုင်မလည်းပေါ့၊ ကျွန်တော်အနေနဲ့ပြောရင်တော့ မဖွင့်သင့်သေးဘူးပေါ့” လို့ ဆိုပါတယ်။

ကျောင်းတွေ ပြန်ဖွင့်တဲ့ကာလဟာ စာသင်နှစ် တစ်ဝက်ကျော်နေပြီးလို့ ကျောင်းသားမိဘတွေက ကလေးတွေ စာမတက်ဘဲ အတန်းအောင်သွားမှာကို စိုးရိမ်နေတာပါ။ ဒါကြောင့် စစ်ကောင်စီက ကျောင်းပြန်ဖွင့်ရင် ကလေးတွေကို ကျောင်းမလွတ်ဘူးလို့ ကျောင်းသားမိဘတွေက ပြောပါတယ်။

 စစ်ကောင်စီဘက်ကတော့ ကျောင်းတွေ ပြန်ဖွင့်နိုင်ဖို့အတွက် ရုပ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်မှုတွေ ဖြစ်တဲ့ ကိုဗစ်ကာကွယ်ဆေးထိုးတာ၊ ကျောင်း သန့်စင်ရေးတွေနဲ့ ဆရာ၊ဆရာမတွေကိုလည်း အချိန်မီခေါ်ယူထားပြီးလို့ ဆိုပါတယ်။

“ပြင်ဆင်မှုကတော့ရုပ်ပိုင်းပေါ့၊ရုပ်ပိုင်းကြတော့စာသင်ခန်းစာရေးခုံကျောင်းဝင်းသန့်ရှင်းရေး၊ကိုဗစ်ကာကွယ်ရေးသင်ကြားရေးဆရာဆရာမတွေအဆင်သင့်ဖြစ်ဖို့လုပ်ငန်းခွင့်ရှိဖို့ကိစ္စတွေကျွန်တော်တို့လုပ်ထားတယ်၊လက်ရှိကတော့(၈၃)ရာခိုင်နှုန်းလောက်ပြီးနေပြီး၊(၁၀၀)ရာခိုင်နှုန်းဆိုတာကတော့ကလေးတွေကခရီးလွန်နေလို့ဆေးထိုးဖို့ပျက်ကွက်နေတာပေါ့နော်” လို့ မွန်ပြည်နယ်ပညာရေးမှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

မြန်မာနိုင်ငံမှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် အခြေခံပညာကျောင်းတွေကို မရမက ပြန်လည် ဖွင့်လှစ်ခဲ့ပြီး ပြီးခဲ့တဲ့ ဇူလိုင်လမှာ ကိုဗစ်ကပ်ရောဂါကြောင့် ကျောင်းတွေ ပြန်ပိတ်ထားခဲ့တာ ဖြစ်ပါတယ်။

မွန်ပြည်နယ်မှာတော့ အခြေခံပညာကျောင်းပေါင်း ၁၅၀၀ ကျော် ရှိနေတာ ဖြစ်ပြီး၊ ကျောင်းသူ၊ကျောင်းသား ၄ သိန်း နီးပါး တက်ရောက်သင်ကြားနေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.