မော်လမြိုင် ၊ အောက်တိုဘာ (၂၉)

မွန်ပြည်နယ်က ဟိုတယ် လုပ်ငန်းအများစုဟာ စစ်တပ် အာဏာသိမ်းတာနဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် တစ်နှစ်ကျော်အကြာ ပိတ်ထားခဲ့ရတာ ဖြစ်ပါတယ်။

ဟိုတယ်လုပ်ငန်းတွေဟာ စစ်တပ် အာဏာသိမ်းတာနဲ့ ကိုဗစ်ရောဂါကယက်မှာ အများဆုံး ထိခိုက်ခဲ့ပြီး အရှုံးနဲ့ ရင်ဆိုင်နေရတာပါ။

လက်ရှိမှာတော့ ဟိုတယ်လုပ်ငန်းတွေ ပြန်ဖွင့်ဖို့ ကြိုးပမ်းနေပေမယ့် နိုင်ငံရေး မတည်ငြိမ်တာနဲ့အတူ ခရီးသွားဝင်ရောက် တည်းခိုးမှု နည်းပါးနေတာကြောင့် ပြန်လည် မဖွင့်နိုင်သေးဘူးလို့ မွန်ပြည်နယ်ဟိုတယ်လုပ်ငန်းရှင် အသင်းတာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

“ ပြန်ဖွင့်ဖို့ တိုက်တွန်းကြတာရှိတယ်။ ဒါပေမယ့် ဖွင့်လို့ကို မရနေတာ ။ လာတဲ့ဧည့်သည်တွေ မရှိတဲ့အတွက် ဝင်ငွေရလမ်းမရှိဘဲ လတိုင်းအရှုံးပေါ်နေတာပေါ့”လို့ ဆိုပါတယ်။



အခုလို အခြေအနေတွေကြောင့် ဟိုတယ်တွေဟာ ပြုပြင်ထိန်းသိမ်းရေး စရိတ်တွေနဲ့ အထွေထွေကုန်ကျ စရိတ်တွေကြောင့် လစဉ် အရှုံးပေါ်နေတာ ဖြစ်ပါတယ်။

တဖက်မှာတော့ ပြန်လည် ဖွင့်လှစ်နေတဲ့ ဟိုတယ်တွေမှာ စစ်ကောင်စီက ဧည်စာရင်း ဝင်ရောက် စစ်ဆေးတာနဲ့ ဧည့်စာရင်းတိုင်ဖို့ ညွှန်ကြားချက်တွေကြောင့် အခက်အခဲ ရှိနေတာ ဖြစ်ပါတယ်။

ဒါကြောင့် ဟိုတယ်လုပ်ငန်းတွေဟာ နိုင်ငံရေး တည်ငြိမ်မှု မရှိရင် ပြန်လည် ဖွင့်လှစ်နိုင်ဖို့ မရှိဘူလို့ ဟိုတယ်လုပ်ငန်းရှင် တစ်ဦးက အခုလို ပြောပါတယ်။

“ ဟိုတယ်တွေက ပိတ်ထားရတယ်။ နိုင်ငံရေးတည်ငြိမ်မှုမရှိရင် လူတွေက ခရီးသွားမှာမှ မဟုတ်တာ ။ တည်းမယ့်သူ မရှိတော့ ပိတ်ထားရတာပေါ့” လို့ ဆိုကြပါတယ်။

မွန်ပြည်နယ်မှာတော့ စစ်တပ် အာဏသိမ်းတာနဲ့ ကိုဗစ်ကပ်ရောဂါကြောင့် ဟိုတယ်လုပ်ငန်း ၈၀ ရာခိုင်နှုန်းထက်မနည်း လုပ်ငန်း ရပ်ဆိုင်းထားတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.