မော်လမြိုင် ၊ အောက်တိုဘာ (၈)

တနင်္သာရီတိုင်းက ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားပြီးနောက် ပြည်သူလူထုအပေါ် ရှာဖွေဖမ်းဆီးမှုတွေ တင်းကျပ်လာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အောက်တိုဘာလအစောပိုင်းကစပြီး ထိတွေ့တိုက်ပွဲတွေက ခပ်စိတ်စိတ်ဖြစ်လာပြီး စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေ ၊ သတင်းပေးဒလန်တွေနဲ့ ပျူစောထီးအဖွဲ့ဝင်တွေကလည်း ပစ်မှတ်ထား လုပ်ကြံခံခဲ့ရပါတယ်။

အဲ့ဒီနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပုလော၊ ရေဖြူ၊ သရက်ချောင်း၊ မြိတ်၊ ထားဝယ် စတဲ့ မြို့နယ်တွေက ​ပြည်သူတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ဆက်သွယ် ထောက်ပံ့မှုများ ပြုလုပ်နေသည်ဟု စွပ်စွဲကာ ဖမ်းဆီးရိုက်နှိက်မှုများ နေ့စဉ်လုပ်ဆောင်နေတယ်လို့ ပုလောမြို့ခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

” တောင်ပျောက်မှာ PDF နဲ့ စစ်ကောင်စီတပ်ဖွဲ့ တိုက်ပွဲဖြစ်တော့ တပ်ဘက်က ထိခိုက်ကျဆုံးသူများခဲ့ပုံရတယ်၊ စစ်အုပ်စုလက်အောက်ခံတွေ ပျူစောထီးတို့ ပြည်သူ့စစ်တိုနဲ့ တပ်ထောက်ခံသူတွေဆို PDF တွေရဲ့ ပစ်မှတ်ထားတိုက်ခိုက်ခြင်းခံထားရတော့ PDF တပ်ဖွဲ့တွေကို အသည်းအသန်လိုက်ရှာနေကြတာ၊ ရှာမတွေ့တော့ တွေ့တဲ့သူတွေကို မသင်္ကာလို့ဆိုပြီး စစ်ဆေးမယ်၊ PDF ကို ဆက်သွယ်ထောက်ပံ့နေတယ်ဆိုပြီး ခေါင်းစဉ်တပ်ပြီး ဖမ်းနေကြတယ်လေ၊ နှိပ်စက်တယ်၊ မြို့နယ်တခုထဲမှာ မဟုတ်ဘူးလေ ဖမ်းနေတာက မြို့နယ်တော်တော်များများမှာ ဒီရက်ပိုင်းမှာ ဖမ်းဆီးလာတာ တရက်မှာ ပြည်သူ ၁၀ ဦးလောက်အနည်းဆုံး ဖမ်းခံ​ထိနေတယ်”လို့ ဆိုပါတယ်။

နေအိမ်အဆောက်အဦးတွေမှာ ဝင်ရောက်ရှာဖွေဖမ်းဆီးတာတွေအပြင် လမ်းသွားလမ်းလာတွေကိုလည်း အကြောင်းမဲ့ ဖမ်းဆီးနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အခုလို ဖမ်းဆီးခံရသူတွေထဲမှာ သံဃာတော်တွေ၊ အသက် ၁၈ နှစ်အောက်ကလေးတွေနဲ့ အမျိုးသမီးတွေပါဝင်ကြပြီး အများစုက လူငယ်ပိုင်းတွေ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.