မော်လမြိုင်၊ အောက်တိုဘာ ၆

လူမှုကွန်ယက် Facebook စာမျက်နှာမှာ အာဏာသိမ်းစစ်ကောင်စီရဲ့ အာဘော်‌‌တွေနဲ့ စစ်အုပ်စုက NUG အစိုးရအပေါ် ဝေဖန်တိုက်ခိုက်ထားတဲ့ အကြောင်းအရာ‌တွေကို ထပ်ဆင့်မျှဝေပေးဖို့ ဌာနဆိုင်ရာရုံးတစ်ခုလျှင် အကောင့်နှစ်ခုနှုန်းဖွင့်လှစ်ထားကြဖို့ကို စစ်ကောင်စီက ညွှန်ကြားထားတယ်လို့ Non CDM ဝန်ထမ်းတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီဟာ သူတို့ရဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေ၊ စစ်တပ်ကောင်းကြောင်းနဲ့ NUG အစိုးရနဲ့ ဆက်စပ်အဖွဲ့အစည်း‌တွေကို ဝေဖန်တိုက်ခိုက်တဲ့ အကြောင်းအရာ‌တွေနဲ့ လုပ်ဆောင်ချက်‌တွေကို အကြမ်းဖက်လုပ်ရပ်‌တွေအဖြစ် သတ်မှတ်ဖော်ပြထားတဲ့ Facebook အကောင့် စာမျက်နှာတွေကို ဖွင့်လှစ်ထားပါတယ်။

စစ်ကောင်စီဟာ ဖွင့်လှစ်ထားတဲ့ Facebook အကောင့် စာမျက်နှာမှာ ရေးသားထားတဲ့အကြောင်းအရာ‌တွေကို ထပ်ဆင့်မျှဝေတာ၊ ပြန်လည်ကူးယူဖော်ပြဖို့အတွက် ဌာနဆိုင်ရာရုံးတွေကို အကောင့်ဖွင့်လှစ်ခိုင်းခြင်းဖြစ်တယ်လို့ Non CDM ဝန်ထမ်းတွေက ပြောပါတယ်။



” စစ်ကောင်စီရဲ့ လုပ်ငန်းဆောက်ရွက်မှုတွေ၊ NUG အစိုးရနဲ့ ဆက်စပ်အဖွဲ့တွေရဲ့ ဆောင်ရွက်နေမှုအပေါ်မှာ ဥပဒေနဲ့ ဆန့်ကျင်ပြီး လုပ်နေတယ်ဆိုပြီး ဝေဖန်တိုက်ခိုက်တဲ့စာသားတွေ၊ စစ်အုပ်စုထောက်ခံသူတချို့ စစ်တပ်ကောင်းကြောင်း ရေးထားတဲ့စာတွေ​၊ အဓိက သူတို့ကောင်းကြောင်းကို ရေးပြီး Facebook အကောင့်ဖွင့်ပြီး တင်ထားတဲ့ဟာတွေကို ပြန်ဖော်ပြဖို့နဲ့ မျှဝေဖို့ဆိုပြီး ဌာနဆိုင်ရာရုံးတစ်ခုကို အကောင့် နှစ်ခုဖွင့်ခိုင်းထားတယ်” လို့ Non CDM ဝန်ထမ်းတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဌာနဆိုင်ရာရုံး‌တွေအနေနဲ့ မိမိကြိုက်နှစ်သက်တဲ့ အမည်ဖြင့် Facebook အကောင့်ဖွင့်လှစ်ကြဖို့နဲ့လက်ရှိမှာ‌တော့ ဖွင့်လှစ်ထားတဲ့ အကောင့်စာရင်းတွေကို စစ်ကောင်စီက တောင်းခံလာပါတယ်။

ပြီးခဲ့တဲ့လတွေထဲမှာ အဏာသိမ်းစစ်ကောင်စီရဲ့ အာဘော်ကို ထပ်ဆင့်ထုတ်လွှင့်​ပြန်လည်မျှဝေနေတဲ့ နိုင်ငံတဝှမ်းက ပြန်ကြားရေးဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာနတွေရဲ့ မြို့နယ်/ခရိုင်/ပြည်နယ်တိုင်း Facebook စာမျက်နှာအားလုံး ဖယ်ရှားခြင်းခံခဲ့ရတယ်လို့ ဝန်ထမ်းမိသားစုနဲ့ နီးစပ်သူတွေထံမှ သိရပါတယ်။

သတင်း- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.