ဘီးလင်း၊ အောက်တိုဘာ ၇

ဘီးလင်းမြို့နယ် လျှပ်စစ်ရုံး တာဝန်ရှိသူတွေအနေဖြင့် လျှပ်စစ်မီတာခတွေပေးဆောင်ဖို့ ဆက်လက်ဖိအားပေးမှုတွေ လုပ်ဆောင်နေပါက ထိရောက်စွာ အရေးယူသွားမယ်လို့ ဘီးလင်း PDF အဖွဲ့က ထုတ်ပြန်ပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ အိမ်သုံးမီတာသုံးစွဲသူ‌တွေကို အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)မှ အခမဲ့ ကင်းလွတ်ခွင့်ပေးအပ်ထားတယ်လို့ ဘီးလင်း PDF အဖွဲ့က ဆိုပါတယ်။

ဒီအခြေအနေမှာ ဘီးလင်းလျှပ်စစ်ရုံး တာဝန်ရှိသူတွေအနေနဲ့ ပြည်သူများ ဆင်းရဲကြပ်တည်းနေမှုကို မျက်ကွယ်ပြုပြီး အကြမ်းဖက်အာဏာရှင်အလိုကျ မီတာခတွေ ပေးဖို့ အတင်းအကြပ်တောင်းခံတာ၊ မီတာပုံးတွေ သိမ်းဆည်းမယ်လို့ ခြိမ်းခြောက်အကြပ်ကိုင်မှုများကြောင့် ဘီးလင်းမြို့နယ် ပြည်သူလူထုအနေနဲ့ များစွာ ဖိအားဖြစ်ပေါ်စေတယ်လို့ ဆိုပါတယ်။

ဒါကြောင့် NUG အစိုးရက ကင်းလွတ်ခွင့်ပေးထားတဲ့ မီတာခတွေကို မျက်ကွယ်ပြုပြီး ဆက်လက်ခြိမ်းခြောက်ကောက်ခံနေမယ်ဆိုရင် ထိရောက်စွာအရေးယူသွားမယ်လို့ ဘီးလင်း PDF က အောက်တိုဘာ ၆ ရက်နေ့မှာ ထုတ်ပြန်ထားတာဖြစ်ပါတယ်။



အောက်တိုဘာလ အတွင်းမှာ ဘီးလင်းမြို့နယ်အတွင်းက ကျေးရွာတွေမှာ မီတာခတွေကောက်ခံဖို့ ကျေးရွာမီးလင်းရေးကော်မတီတွေကို မြို့နယ်လျှပ်စစ်ရုံးက ပြောဆိုမှုတွေရှိလာတာကြောင့် ကျေးရွာမီးလင်းရေးကော်မတီတွေက မီတာခ ကောက်ခံဖို့ လုပ်ဆောင်လာကြတာဖြစ်ပါတယ်။

ကျေးရွာတွေမှာက ကိုယ်ထူကိုယ်ထ မီးလင်းရေးဆောင်ရွက်ထားတာဖြစ်ပြီး လျှပ်စစ်မီတာခတွေကိုတော့ ကျေးရွာမီးလင်းရေးကော်မတီတွေကနေတဆင့် မြို့နယ်လျှပ်စစ်ရုံးကို အခွန်ပေးသွင်းရတာဖြစ်ပါတယ်။

လတ်တလောအခြေနေမှာ ကျေးရွာနေပြည်သူတွေက အခြေခံစားသောက်ကုန်စျေးနှုန်းမြင့်တက်နေတာ၊ စက်သုံးဆီစျေးနှုန်းမြင့်တက်ပြီး အလုပ်အကိုင်အဆင်မပြေကြတာကြောင့် မီတာခတွေကို တစ်ပါတည်းပေးဆောင်ဖို့ ခက်ခဲနေကြတယ်လို့ သိရပါတယ်။

လျှပ်စစ်မီတာခ မပေးဆောင်ပါက မီးဖြတ်တာ မီတာပုံးတွေဖြုတ်သိမ်းမယ်လို့ ခြိမ်းခြောက်ပြောဆိုနေမှုများလည်းရှိနေတယ်လို့ သိရပါတယ်။

လတ်တလောအခြေနေမှာ ဘီးလင်းမြို့နယ်အတွင်းမှာရှိတဲ့ အောက်ကွင်းကျေးရွာတွေမှာ မီတာခတွေပေးဖို့ လိုက်လံပြောဆိုနေပြီး KNU နဲ့နီးစပ်တဲ့ ကျေးရွာတွေဘက်မှာ လိုက်လံပြောဆိုမရှိသေးဘူးလို့လည်း သိရပါတယ်။

သတင်း- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.